Vietnam

ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံအကြား ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူ

Last Updated:

ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီး Mr Le Minh Hoan နှင့် ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီး Mr Francisco Tiu Laurel Jr တို့သည် ဇူလိုင် ၉ ရက်က ဟနွိုင်း၌ တွေ့ဆုံဆွေးနွေးစဉ် နှစ်နိုင်ငံကြား ဆန်စပါးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဆန်စပါးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု မိတ်ဖက်အဖြစ် ၎င်းတို့၏ ကုန်သွယ်မှု ဆက်ဆံရေးကို အဆင့်မြှင့်တင်ရန်ဆန္ဒရှိကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဆန်အရည်အသွေးမြှင့်တင်ရန်၊ သွင်းကုန် ကုန်ကျစရိတ် လျှော့ချရေး၊ ဖန်လုံအိမ်ဓာတ်ငွေ့သက်ရောက်မှု လျှော့ချရေး၊ နိုင်ငံစားနပ်ရိက္ခာ ဖူလုံမှုရှိစေရေး၊ စျေးကွက်ချဲ့ထွင်ရန်နှင့် နိုင်ငံတကာဈေးကွက်တွင် ရေရှည်တည်တံ့သော ဆန်အမှတ်တံဆိပ်အဖြစ် ရပ်တည်နိုင်ရေးတို့ကို အာရုံစိုက်နေကြောင်းဖြင့် မစ္စတာ Hoan က ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ဖိလစ်ပိုင်သို့ ဆန်အများဆုံး တင်သွင်းသူဖြစ်ကြောင်းနှင့် ယခုနှစ် ပထမခြောက်လအတွင်း ဗီယက်နမ်မှ ဆန်တန်ချိန် ၁.၅၉ သန်း အပါအဝင် ဆန်တန်ချိန် ၂.၁၇ သန်း တင်သွင်းခဲ့ကြောင်း Mr. Laurel Jr က ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများသည် စိုက်ပျိုးရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုး  တိုးတက်ရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် နှစ်နိုင်ငံစီးပွားရေး လုပ်ငန်းများအကြား ကုန်သွယ်မှုနှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများ တိုးမြှင့်ရန် ရည်ရွယ်ကြောင်း ဖော်ပြထားသည်။

ဖိလစ်ပိုင်သည် ဗီယက်နမ်၏ အကြီးမားဆုံး ဆန်တင်ပို့သည့်ဈေးကွက်ဖြစ်ပြီး ဗီယက်နမ်၏ စုစုပေါင်းဆန်တင်ပို့မှု၏ ၃၅ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိရှိကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၈.၁၃ သန်း တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄.၆၇ ဘီလီယံတန်ဖိုးရှိကြောင်း၊ ဆန်တင်ပို့မှုမှာ ပမာဏအားဖြင့် ၁၄.၄ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၅.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam