USA

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌအနေဖြင့် အတိုးနှုန်းလျှော့ချမည့်အချိန်ကာလကို အလေးထားဆောင်ရွက်လျက်ရှိ

Last Updated:

အမေရိကန်ဗဟိုဘဏ် (Federal Reserve) ဥက္ကဋ္ဌ Mr. Jerome Powell အနေဖြင့် ဗဟိုဘဏ် အတိုးနှုန်းလျှော့ချမည့် အချိန်ကာလကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၉-၇-၂၀၂၄ ရက်၌ “Powell Puts Greater Focus on Rate-Cut Timing” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ၎င်းအနေဖြင့် အတိုးနှုန်းလျှော့ချမည့်အချိန်ကို အလေးထား၍ လေ့လာလျက်ရှိပြီး ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုကို လျော့ကျအောင် ဆောင်ရွက်ခြင်းနှင့် အလုပ်သမားဈေးကွက် နှေးကွေးမှုမရှိစေရန် ထိန်းသိမ်းခြင်း စသည့်ပြဿနာတို့နှင့် ကြုံတွေ့လျက်ရှိကြောင်း၊ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းပြဿနာတစ်ခုတည်းကိုသာ အမေရိကန်နိုင်ငံအနေဖြင့် ကြုံတွေ့နေရခြင်းမဟုတ်ဘဲ အလုပ်သမားဈေးကွက်သည်လည်း ယခင် (၂) နှစ်တာ ကာလတူအချိန်နှင့် နှိုင်းယှဉ်ပါက နှေးကွေးလာခဲ့ကြောင်းနှင့် ငွေကြေးဖောင်းပွမှုနှင့် အလုပ်သမား ဈေးကွက်မှာလည်း ကိုဗစ်-၁၉ မတိုင်မီကာလကဲ့သို့ တည်ငြိမ်လာခဲ့သော်လည်း ထင်သလောက်ခိုင်မာမှု မရှိသေးကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် ယင်းအချက်နှစ်ခုကြား မျှခြေကိုက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ယခင်လကထုတ်ပြန်ခဲ့သည့် စီးပွားရေးခန့်မှန်းချက်များအရ ယခုနှစ်အတွင်း အတိုးနှုန်းလျှော့ချမှု (၁) ကြိမ် သို့မဟုတ် (၂) ကြိမ်ခန့် ပြုလုပ်သွားရန် ခန့်မှန်းထားပြီး ဗဟိုဘဏ်၏လာမည့်အစည်းအဝေးကို ၃၀-၇-၂၀၂၄ ရက်နှင့် ၃၁-၇-၂၀၂၄ ရက်တို့တွင် ကျင်းပသွားရန်ရှိကြောင်းနှင့် ယင်းအစည်းအဝေး၌ လာမည့်လများတွင် အတိုးနှုန်း လျှော့ချရန်နှင့် ပတ်သက်၍ အရိပ်အမြွက်ပြောကြားနိုင်ဖွယ်ရှိပါကြောင်းသိရှိရပါသည်။ 

၂၀၂၄ ခုနှစ်၊ မေလတွင် ငွေကြေးဖောင်းပွမှုနှုန်းသည် (၂.၆) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ယခင်နှစ်ကာလတူတွင် (၄) ရာခိုင်နှုန်းရှိခဲ့သဖြင့် ငွေကြေးဖောင်းပွမှု ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဗဟိုဘဏ်၏ သတ်မှတ်ချက်ဖြစ်သည့် (၂) ရာခိုင်နှုန်းထက် ကျော်လွန်လျက်ရှိသေး ကြောင်း သိရှိရပါသည်။

ယခုနှစ်အတွင်း လစဉ်အလုပ်အကိုင်သစ်ပေါင်း ပျမ်းမျှ (၂၀၀,၀၀၀) ဖန်တီးပေးနိုင်သော်လည်း အလုပ်လက်မဲ့နှုန်းသည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် (၃.၇) ရာခိုင်နှုန်းမှ ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် (၄.၁) ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ငွေကြေး ဖောင်းပွမှုကို လျှော့ချရန် အမေရိကန်ဗဟိုဘဏ်အနေဖြင့် နှစ်ပေါင်း (၄၀) အတွင်း အမြင့်ဆုံး အတိုးနှုန်းကို သတ်မှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစ၍ အတိုးနှုန်းပမာဏကို (၅.၂၅) ရာခိုင်နှုန်းမှ (၅.၅) ရာခိုင်နှုန်းအကြား သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ် ပထမနှစ်ဝက်အတွင်း စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုနှင့် အလုပ်အကိုင်ခန့်ထားမှုများ မြင့်တက်ခဲ့သော်လည်း ဈေးနှုန်းများ တည်ငြိမ် လာခဲ့သည်ကိုတွေ့ရသဖြင့် ဗဟိုဘဏ်ဥက္ကဋ္ဌက ယခုနှစ် ဇွန်လပိုင်းတွင် အတိုးနှုန်း လျှော့ချနိုင်မည့် အလားအလာရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သည့် အစည်းအဝေး၌ အရိပ်အမြွက် ပြောကြားခဲ့ကြောင်း၊ သို့ရာတွင် ငွေကြေးဖောင်းပွမှုနှုန်း လျော့ကျမှုအခြေအနေမှာ  တိုးတက်မှုမရှိသဖြင့် ဗဟိုဘဏ်အရာရှိများသည် ငွေကြေးဖောင်းပွမှုနှုန်း (၂) ရာခိုင်နှုန်းသို့ လျော့ကျနေသည်ဟူသော အချက်အလက်များရရှိမှသာ အတိုးနှုန်း လျှော့ချရန် ယုံကြည်မှုရှိလာနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source; https://www.wsj.com/economy/central-banking/jerome-powell-senate-testimony-july-b7805d54?mod=economy_lead_story

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA