Thailand

ပို့ကုန်နှင့်စပ်လျဉ်း၍ အစိုးရ၏ အကူအညီကို ပို့ကုန်လုပ်ငန်းရှင်များ စောင့်ကြည့်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးနှေးကွေးနေမှုနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမတည်ငြိမ်မှုများ ဖြစ်စေသော နိုင်ငံရေးပဋိပက္ခအပါအဝင် ပြဿနာများစွာသည် ထိုင်းပို့ကုန် ကဏ္ဍတွင် ကြုံတွေ့နေရဆဲဖြစ်ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များကလည်း ပို့ကုန်တိုးမြှင့်ရန်လိုအပ်သောလုပ်ငန်းစဉ်များဆောင်ရွက်ရန် ဘဏ္ဍာငွေများ လျာထားနိုင်ရေးအတွက် အစိုးရသစ်တစ်ခု အမြန် ဖွဲ့စည်းရေးကို တောင်းဆိုနေကြကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ အတိုးနှုန်းမြင့်တက်လာမှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာမှုတို့သည် ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုတွင် အတားအဆီးဖြစ်စေနိုင်ပြီး ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များသည် စိုက်ပျိုးရေးထုတ်ကုန်များ၏ အထွက်နှုန်းအပေါ် သက်ရောက်မှုရှိကြောင်း၊ အစိုးရသစ်ဖွဲ့စည်း၍ ဒုတိယနှစ်ဝက်အတွင်း  ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ဈေးကွက်သစ်များရှာဖွေရန်နှင့် စီးပွားရေးကို မြှင့်တင်ပေးနိုင်မည့် FTA များကိုလည်း ညှိနှိုင်းကြရန်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

မြင့်တက်လာသော ထုတ်လုပ်မှုကုန်ကျစရိတ်များကို ကုစားရန် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ မဟာဗျူဟာများ ချမှတ်ကာ စီမံခန့်ခွဲသွားရန် လိုအပ်ကြောင်း၊ အဓိက ပြိုင်ဘက်များအပါအဝင် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းရာတွင်လည်း သက်ရောက်မှုရှိနိုင်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များကို မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ တိုင်းတာချက် အသစ်များကို လက်ခံကျင့်သုံးရန် လုပ်ငန်းစဉ်များကိုလည်း တိုးမြှင့်ရန်လိုကြောင်း အကြံပြုထားပါသည်။

ထို့အပြင် ထောက်ပံ့မှုကွင်းဆက်တစ်လျှောက် အထူးသဖြင့် အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် ငွေဖြစ်လွယ်မှုကိုလည်း တိုးမြှင့်ရန်လိုကြောင်း၊ ဈေးကွက်လိုအပ်ချက်အလိုက် လုပ်သားများ၏ ကျွမ်းကျင်မှုနှင့် လုပ်ရည်ကိုင်ရည် ရှိရန်ဖြစ်ကြောင်း၊ ကုန်ကျစရိတ် သက်သာစေမည့် နိုင်ငံတကာအဆင့်မီ ပို့ဆောင်ရေးပုံစံသစ်များ ရှာဖွေရန်လိုကြောင်း၊ ကုန်သွယ်မှုတွင် ထောက်ပံ့ပို့ဆောင်ရေးကိုလည်း မြှင့်တင်ရန်ဖြစ်ကြောင်း ဖြည့်စွက်အကြံပြု ထားပါသည်။

ပထမနှစ်ဝက်အတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၁ ဘီလီယံ၊ သွင်းကုန်ပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၄၇ ဘီလီယံနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံ ဖြစ် ကြောင်း၊ ပို့ကုန်တိုးတက်မှုမှာ (-) ၀.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်း ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand