Thailand

မိုးခေါင်မှုကို စောင့်ကြည့်ရန် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန်ဦးဆောင်သည့် War Room အဖွဲ့တစ်ခုဖွဲ့စည်း

Last Updated:

ထိုင်းလယ်ယာထွက်ကုန်များ အထူးသဖြင့် ဆန်စပါးအပေါ် သက်ရောက်နိုင်သည့် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်များကို စောင့်ကြည့်ရန် War Room အဖွဲ့တစ်ဖွဲ့ကို ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးဆောင်၍ ဖွဲ့စည်းသွားမည် ဖြစ်ပါကြောင်း၊ သက်ရောက်မှုများကို ကုစားရန် အစီအမံများကို စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် နိုင်ငံ ၄၂ နိုင်ငံတွင် တာဝန်ထမ်းဆောင်နေလျက်ရှိသည့် စီးပွားရေးသံမှူးများ ပါဝင်သည့် အစည်းအဝေး ကျင်းပပြီးနောက် ယင်းအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခဲ့ကြပါကြောင်း၊ ယင်းအဖွဲ့သည် ကမ္ဘာလုံးနှင့်အဝှမ်း မိုးခေါင်မှုကိုဖြစ်ပေါ်စေသည့် အယ်လ်နီညိုအခြေအနေများကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊  စိုက်ပျိုးရေးဆိုင်ရာထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေ၊ ဆန်ဈေးနှုန်းနှင့် အခြားသော လယ်ယာထွက်ကုန်များကို စောင့်ကြည့်ရမည်ဖြစ်ကြောင်း ဝန်ကြီး Mr. Jurin Laksanawisit က ပြောကြားခဲ့ပါသည်။

စီးပွားရေးသံမှူး ၅၈ ဦးအနေဖြင့်လည်း ကမ္ဘာနှင့်အဝှမ်း မိုးခေါင်မှုအခြေအနေ၊ စိုက်ပျိုးရေး ထုတ်ကုန်များ ထုတ်လုပ်မှု၊ ဈေးနှုန်းများနှင့် စိုက်ပျိုး‌ရေးထုတ်ကုန်များ၏ ဈေးကွက်များကို စောင့် ကြည့်ရန်ဖြစ်ကြောင်း၊ အထူးသဖြင့် ဆန်ဈေးနှုန်းအပေါ်တွင်ဖြစ်ကြောင်း၊ နိုင်ငံတကာ၏ အခြေအနေများကို သိရှိနိုင်ရန်အတွက် ၁-၂ ပတ်တိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အစီရင်ခံစာတင်ပြရမည်ဖြစ်ကြောင်း၊ အယ်လ်နီညိုနှင့် အိန္ဒိယ၏ ဆန်တင်ပို့မှုပိတ်ပင်ခဲ့သည့် ဇူလိုင် ၂၀ နောက်ပိုင်းတွင် ကမ္ဘာ့နှင့်အဝှမ်း ဆန်ထုတ်လုပ်မှု၊ ဆန်ဈေးကွက်နှင့် ဈေးနှုန်းများတွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် နှစ် ၃၀ အတွင်း မိုးရွာသွန်းမှု ၅ ရာခိုင်နှုန်းလျော့နည်းနိုင်ကြောင်း၊ ရေလှောင် ကန်များတွင်လည်း ရေပမာဏ တစ်ဝက်ခန့်သာ ရှိသဖြင့် ဆည်ရေသောက်ဧရိယာရှိ သီးနှံများကို ထိခိုက်နိုင်ကြောင်း တော်ဝင်ဆည်မြောင်းဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောကြားခဲ့ပါ သည်။

အိန္ဒိယ၏ ဆန်ဖြူ (White rice) တင်ပို့မှု ပိတ်ပင်လိုက်ခြင်းကြောင့် ယခင် အိန္ဒိယမှတင်သွင်းမှုအပေါ် မှီခိုနေရသော အာဖရိကဈေးကွက်သည် ဆန်တင်ပို့ရန် အခွင့်အလမ်းဖြစ်လာနိုင်ကြောင်း၊ တောင်သူများသည် ဆန်ဖြူဈေးနှုန်းများကို တိုးမြင့်ရောင်းချရန် မျှော်လင့်ရကြောင်း၊ ပိတ်ပင်မှုစတင် ပြီးနောက် ၇ ရာခိုင်နှုန်းခန့် ဈေးတက်လာကြောင်း၊ မွေးမြူရေးအစာများလည်း ဈေးတက်လာကြောင်း အခြေအနေကို ရှင်းလင်းပြောကြားပါသည်။

ဈေးနှုန်းမျှတမှုရှိစေရေး စောင့်ကြည့်ရန် ညွှန်ကြားထားပါကြောင်း၊ တောင်သူများအတွက် ဈေးနှုန်းမြင့်မားလာမှုကြောင့် အကျိုးကျေးဇူးရနိုင်သော်လည်း စားသုံးသူများကို ကာကွယ်ရန် ဈေးနှုန်း အလွန်အကျွံ မတက်စေရန်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များလည်း ရပ်တည်နိုင်ရန်နှင့် Win-Win ဖြစ်စေ ရန်ဖြစ်ကြောင်း၊ အဖွဲ့အနေဖြင့် သင့်လျော်သော တုန့်ပြန်မှုများ ဆောင်ရွက်သွားရန်ဖြစ်ကြောင်း ဆောင်ရွက်သွားမည့် အစီအစဉ်ကို ပြောကြားပါသည်။

ဆန်ထုတ်လုပ်မှုနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၃၄.၃ သန်း ထွက်ရှိသော်လည်း မိုးခေါင်မှုကြောင့် ယခုနှစ်တွင် တန်ချိန် ၃၂.၃ သန်းသာ ထွက်ရှိပါကြောင်း၊ မိုးခေါင်မှုပြင်းထန်လာခြင်း ရှိမရှိနှင့် စိုက်ပျိုးမှုအတွက် ရေလုံလောက်မှုရှိမရှိ အကဲဖြတ်မှု ဆောင်ရွက်ရန် လိုအပ်ကြောင်း အကြံပြုထားပါသည်။

၂၀၂၃ ခုနှစ်သည် တောင်သူများအတွက် ရွှေရောင်ဖုံးလွှမ်းသော နှစ်ဖြစ်ကြောင်း၊ လက်ရှိပေါက်ဈေးမှာ ၁ တန်လျှင် ဘတ် ၁၂,၀၀၀ ဖြစ်ကြောင်း၊ အိန္ဒိယပိတ်ပင်မှုနောက်တွင် ဆန်ဖြူဈေးနှုန်းသည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ မြင့်တက်သွားပါကြောင်း၊ အိန္ဒိယက ၎င်း၏ပိတ်ပင်မှုအပေါ် မည်သို့ရှေ့ဆက်မည်ကို ရှင်းလင်းစွာမသိရသေးသဖြင့် အခြေအနေမှာ မတည်ငြိမ်သေးပါကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Charoen Laothamatas က ဖြည့်စွက်ပြောကြားပါသည်။

 

 

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand