Vietnam

ဗီယက်နမ်လေကြောင်းလိုင်း ဗီယက်ဂျက် (Vietjet) သည် ဟနွိုင်း-မဲလ်ဘန်းလမ်းကြောင်း စတင်ပြေးဆွဲ

Last Updated:

ဗီယက်နမ်လေကြောင်းလိုင်း Vietjet သည် ဟနွိုင်းမှ မဲလ်ဘန်းမြို့သို့ ၎င်း၏ ပထမဆုံး လေကြောင်းခရီးစဉ်ကို စတင်ပျံသန်းခဲ့ပြီး ဗီယက်နမ်နှင့် ဩစတြေးလျကို ဆက်သွယ်သည့် ခြောက်ခုမြောက်လမ်းကြောင်းဖြစ်ကြောင်း VN Express International အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါလမ်းကြောင်းတွင် Airbus A330 လေယာဉ်ဖြင့် အသွားအပြန် ခရီးစဉ်နှစ်ကြိမ်ကို အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင် ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဗစ်တိုးရီးယားခရီးသွားလာရေး၏ ၂၀၂၃-၂၀၂၈ ခန့်မှန်းချက်အရ ဗီယက်နမ်နိုင်ငံ၏ မြို့တော်နှင့် သြစတြေးလျနိုင်ငံ၏ မြို့တော်နှင့် လူဦးရေအများဆုံးမြို့ကြား လမ်းကြောင်းသည် ရင်းနှီး မြှုပ်နှံမှုနှင့် ခရီးသွားလာရေး လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဟု မျှော်မှန်းထားပြီး ပြည်ပ တွင် ပညာသင်ကြားရန်၊ ဆွေမျိုးများထံသွားရောက်လည်ပတ်ရန် သို့မဟုတ် ဗစ်တိုးရီးယားတွင် အလုပ်လုပ်ကိုင်ရန်စသည့်တို့ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ ခရီးသွားလုပ်ငန်းများကို ကပ်ရောဂါကြိုအဆင့်သို့ ပြန်လည်ရောက်ရှိရန် ရည်မှန်းကိုလည်း ရောက်ရှိနိုင်မည်ဟုမျှော်လင့်ကြောင်း ဖော်ပြထားပါသည်။

Vietjet ဒုတိယဥက္ကဋ္ဌ Nguyen Thi Thuy Binh က လေကြောင်းလိုင်းသည် ဩစတြေးလျနိုင်ငံသို့ ၂၀၂၃ ခုနှစ် ဧပြီလတွင် ပထမဆုံးပျံသန်းပြီးကတည်းက ဟိုချီမင်းမြို့နှင့် သြစတြေးလျ၏ အကြီးဆုံးမြို့ကြီး ၅ မြို့ဖြစ်သော Melbourne၊ Sydney၊ Brisbane၊ Perth နှင့် Adelaide တို့ကို ချိတ်ဆက်ကာ ကွန်ရက်ကို စဉ်ဆက်မပြတ် တိုးချဲ့ခဲ့ကြောင်း ပြောကြားခဲ့သည်။

မဲလ်ဘန်းလေဆိပ်မှ လေကြောင်းအကြီးအကဲ Jim Parashos က ဩစတြေးလျမှ ဗီယက်နမ်သို့ ခရီးသွားအရေအတွက် တိုးလာမှုသည် ကပ်ရောဂါဖြစ်ပွားပြီးနောက် အပြုသဘောဆောင်သော တိုးတက်မှုဖြစ်ကြောင်းပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် လက်ရှိတွင် သြစတြေးလျ ခရီးသွားများအတွက် ထိပ်တန်းနေရာ ၁၀ ခုတွင်ပါဝင်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင် အဆိုပါလေကြောင်းလိုင်းသည် နိုင်ငံနှစ်ခုကြား တစ်ပတ်လျှင် စုစုပေါင်း ခရီးစဉ် ၅၈ ခု ပြေးဆွဲသွားမည်ဖြစ်ပြီး ဆစ်ဒနီနှင့် ဟနွိုင်းသို့ ကြားခရီးစဉ်သစ်ကို ဇွန်လ ၈ ရက်နေ့မှ စတင်ကာ အပြန်အလှန်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဟနွိုင်း-မဲလ်ဘန်း လေကြောင်းပြေးဆွဲခြင်းသည် နှစ်နိုင်ငံကြား ချိတ်ဆက်မှုတိုးမြှင့်ပေးရုံ သာမက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ခရီးသွားလာရေး ဖွံ့ဖြိုတိုးတက်မှုကိုပါ တွန်းအားပေး သကဲ့သို့ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ ခရီးသွား လုပ်ငန်းရှုထောင့်မှ ကြည့်ပါက လမ်းကြောင်းသစ်သည် ဩစတြေးလျနိုင်ငံသားများအတွက် ဗီယက်နမ်သို့ သွားရောက်လည်ပတ်ရန် အခွင့်အလမ်းများ ပိုမိုရရှိစေမည်ဖြစ်ပြီး ခရီးသွားကဏ္ဍကို အထောက်အကူဖြစ်စေမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

 

 

 

Source: VNExpress International  

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam