ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိသော အိန္ဒိယကုမ္ပဏီများအနေဖြင့် စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှုမခံရအောင် ၎င်းတို့၏ ပို့ကုန်ပစ္စည်းများကို ဂရုတစ်စိုက် အကဲဖြတ်စစ်ဆေးရန်လိုကြောင်း အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ သတိပေးပြောကြားလိုက်ကြောင်း သိရသည်။ ၎င်းတို့ အနေဖြင့် တင်ပို့လိုက်သော ထုတ်ကုန်ပစ္စည်းများနှင့် အဆိုပါပစ္စည်းတို့၏ အစိတ်အပိုင်းများသည် ရုရှား နှင့် ယူကရိန်း ပဋိပက္ခကို အထောက်အကူပြုသည့် တားမြစ်အမယ်များစာရင်း၌ ပါဝင်ခြင်းရှိ/မရှိ သေချာ စွာစိစစ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်ဟု The Hindu Businessline သတင်းဌာနက ယခုလ ၉ ရက်က ဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ စီးပွားရေးပိတ်ဆို့အရေးယူမှုဆိုင်ရာအဖွဲ့များမှ တာဝန်ရှိသူများသည် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ကိုယ်စားလှယ်များနှင့် တွေ့ဆုံကာ အထူးဦးစားပေး တားမြစ်အမယ် (၅၀) မျိုး ပါဝင်သော ၎င်းတို့ ပူးတွဲထုတ်ပြန်ထားသည့် စာရင်းပါ အချက်အလက်များကို ဖော်ပြကာ အဆိုပါ ကုန်ပစ္စည်းအမျိုးအမယ်များအား ရုရှားစစ်မြေပြင်သို့ ဝင်ရောက်မလာစေရေး သတိထားဆောင်ရွက်ကြရန် ပညာပေးဆွေးနွေးခဲ့ကြောင်း အဆိုပါကိစ္စနှင့် နီးစပ်သော ရင်းမြစ်တစ်ခုက Businessline သို့ ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအစောပိုင်းက အမေရိကန်ပြည်ထောင်စု စက်မှုနှင့် လုံခြုံရေးဗျူရို (US Bureau of Industry and Security) နှင့် နိုင်ငံရပ်ခြားရပိုင်ခွင့်များထိန်းချုပ်ရေးဌာန (Office of Foreign Assets Control)တို့မှ အဖွဲ့များနှင့် ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့ရေးဆိုင်ရာ အထူးသံတမန် David Sullivan ဦးဆောင်သောအဖွဲ့တစ်ခုတို့မှ အိန္ဒိယနိုင်ငံသို့လာရောက်၍ ယင်းသို့ သတိပေးပြောကြားခဲ့ကြောင်း သိရသည်။ ရုရှားနိုင်ငံသို့ တင်ပို့လိုက်သော ပစ္စည်းများသည် အရပ်ဖက်သုံးပစ္စည်းများပင်ဖြစ်လင့်ကစား အကယ်၍ ဖြုတ်ယူရရှိသော အချို့အစိတ်အပိုင်းများကို စစ်ဖက်၌ သုံးစွဲနိုင်သည့် အလားအလာမျိုးရှိပါက ပိတ်ဆို့အရေးယူ ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။
အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူကေနှင့် ဂျပန်နိုင်ငံတို့မှ ပူးတွဲပြင်ဆင်ထုတ်ပြန်ခဲ့သော အဆိုပါ အထူးဦးစားပေး တားမြစ်ကုန်ပစ္စည်းများအနက် အိုင်စီများ၊ ရေဒီယိုကြိမ်နှုန်း လွှင့်ထုတ်/ ဖမ်းယူစက်များ၊ ပုံနှိပ်ထားသော လျှပ်စစ်ပတ်လမ်းပြားများဖြင့် ပြုလုပ်ထားသော အီလက်ထရောနစ် ကိရိယာ အစိတ်အပိုင်းများနှင့် စစ်မြေပြင်မှ သိမ်းဆည်းရရှိသော အဆင့်မြင့် တိကျပြီး ရှုပ်ထွေးသော သတ္တုအစိတ် အပိုင်းများကို ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်ရန် လိုအပ်သော ပစ္စည်းအမျိုးအမယ်များ ပါဝင်ကြောင်း သိရသည်။
အဆိုပါ တားမြစ်ကုန်များစာရင်းတွင် အီလက်ထရောနစ်ပစ္စည်းများဖြစ်သော အိုင်စီများအပါအဝင် အရပ်ဖက်သုံးနှင့် စားသုံးသူသုံးကုန်စည်အများအပြား ပါဝင်လျက်ရှိသဖြင့် အိန္ဒိယကုမ္ပဏီများအနေဖြင့် အဆိုပါ ကုန်စည်များ၏ မည်သည့် အစိတ်အပိုင်းများသည် အရပ်ဖက်သုံးနှင့် စစ်ဖက်သုံးပစ္စည်းများ ဟုတ် မဟုတ် သိရှိရန် မလွယ်ကူကြောင်း အဆိုပါ ရင်းမြစ်မှ ပြောကြားခဲ့သည်။
သို့သော် အနောက်အုပ်စုမှ ဒဏ်ခတ်အရေးယူမှုများတွင် ဘဏ်စာရင်းနှင့် ရပိုင်ခွင့်များ ထိန်းသိမ်းခြင်း၊ ပို့ကုန်တားမြစ်ခြင်းတို့ပါဝင်သဖြင့် အိန္ဒိယကုမ္ပဏီများအနေဖြင့် သတိပြုရန်လိုကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့အထိ ကမ္ဘာတစ်ဝှမ်းမှ အရေးယူပိတ်ဆို့ထားသော အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ် ၄၀၀ ပါဝင်သော စာရင်းကို အမေရိကန်ပြည်ထောင်စုမှ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ သည် ရုရှား-ယူကရိန်းပဋိပက္ခကို တစ်နည်းနည်းဖြင့် ကူညီထောက်ပံ့သူများဖြစ်ပြီး အိန္ဒိယမှ ကုမ္ပဏီအဖွဲ့အစည်း ၁၉ ခုနှင့် အိန္ဒိယလူမျိုး ၂ ဦးတို့ပါဝင်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ နေ့က ဥရောပသမဂ္ဂမှ ထုတ်ပြန်ခဲ့သော ကုမ္ပဏီသစ် ၃၂ ခုပါ အလားတူစာရင်းတစ်ခုတွင် အိန္ဒိယကုမ္ပဏီဖြစ်သော Triac Electronics ကုမ္ပဏီပါဝင်ကြောင်း သိရ သည်။ ဒေါနယ်ထရန့်မှ အမေရိကန်သမ္မတတာဝန်အား ပြန်လည်ရယူသည့်အချိန်မှစ၍ အဆိုပါ ပိတ်ဆို့ အရေးယူမှုများလျှော့ကျလာဖွယ်ရှိသော်လည်း ဥရောပသမဂ္ဂ၊ ယူကေ၊ ဂျပန်၊ ဩစတေးလျနှင့် ကနေဒါနိုင်ငံတို့မှ အရေးယူပိတ်ဆို့မှုများမှာ လျှော့ကျဖွယ်မရှိသည့်အတွက် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် သတိပြုရန်လိုကြောင်း အစိုးရအရင်းအမြစ်တစ်ခုမှ ပြောကြားခဲ့သည်။
၂၀၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၄ ဒသမ ၂၆ ဘီလီယံရှိပြီး၊ ယခင်ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၃ ဒသမ ၁၄ ဘီလီယံသာရှိသည့်အတွက် နှစ်အလိုက် တိုးတက်မှု ၃၅ ဒသမ ၄၁ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ တစ်ဖက်တွင် တစ်နိုင်ငံလုံး၏ ပို့ကုန်မှာ ယခင် ဘဏ္ဍာနှစ်က ကန်ဒေါ်လာ ၄၅၁ ဘီလီယံရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄၃၇ ဘီလီယံရှိ၍ ၃ ဒသမ ၁၀ ရာ ခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ အိန္ဒိယနိုင်ငံမှ ရုရှားနိုင်ငံသို့ တင်ပို့မှု ကန်ဒေါ်လာ ၃ ဒသမ ၀၄ ဘီလီယံရှိပြီး ၃၀ ဒသမ ၉ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ အဓိကပို့ကုန်ပစ္စည်းများမှာ နျူးကလီးယားရီအက်တာများ၊ ဘွိုင်လာများ၊ စက်ကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများ၊ အီလက်ထရောနစ် ကိရိယာများ၊ အစိတ်အပိုင်းများ၊ ဓါတုနှင့် ဆေးဝါးပစ္စည်းများဖြစ်ကြောင်း သိရသည်။
သို့ပါ၍ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့ဦးဆောင်သော အနောက်အုပ်စုမှ အိန္ဒိယပို့ကုန်လုပ်ငန်းများအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် ယင်းသို့ ဒဏ်ခတ်မခံရအောင် သတိပေးပြောကြားမှု အခြေအနေများကို သိရှိရပါသည်။
Ref: The Hindu Businessline, US, EU advise Indian exporters to Russia of careful evaluation of products to avoid sanctions, January 09, 2025.
စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့။