USA

အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်ခဲ့သည့်နိုင်ငံအဖြစ် (၁၂) နှစ် ဆက်တိုက်ရပ်တည်ခဲ့

Last Updated:

အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ခဲ့သည့် နိုင်ငံအဖြစ် (၁၂) နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Department of Commerce) ဝက်ဘ်ဆိုက်၌ ၄-၄-၂၀၂၄ ရက်တွင် “U.S. Remains World’s Top Destination for Foreign Direct Investment for 12th Consecutive Year” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment – FDI) အများဆုံးဝင်ရောက်ခဲ့သည့် နိုင်ငံအဖြစ် (၁၂) နှစ်ဆက်တိုက် ရပ်တည်ခဲ့ကြောင်း Kearney’s Global Business Council ၏ ၂၀၂၄ ခုနှစ်၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Confidence Index အရ သိရှိရပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် အဆင့်မြင့်အမှု ဆောင်အရာရှိများကို လေ့လာမေးမြန်းခဲ့သည့် စစ်တမ်းအရ အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် စားသုံးသူများ၏ သဘောထား တိုးတက်ပြောင်းလဲလာမှုကြောင့် ကမ္ဘာ့ထိပ်တန်းအဆင့်တွင် ရပ်တည်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်အစိုးရ၏ စီးပွားရေးအစီအစဉ်နှင့် နိုင်ငံ၏ဦးစားပေးကဏ္ဍဖြစ်သည့် နည်းပညာတီထွင် ဆန်းသစ်မှုသည် ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အဓိကဦးစားပေးဖြစ်သဖြင့် ဤကဲ့သို့ ထိပ်ဆုံးစာရင်းတွင် ရပ်တည်နေခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု တိုးလာခြင်းသည် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအောက်ရှိ SelectUSA အစီအစဉ်၏ လုပ်ငန်းဆောင်ရွက်ချက်များကြောင့်လည်း ဖြစ်ပါကြောင်း၊ အဆိုပါအစီအစဉ် စတင်သည့် အချိန်မှစ၍ အမေရိကန်နိုင်ငံအတွင်းသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၂၀၀) ဘီလီယံကျော်အထိ ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင်ပေါင်း (၂၀၀,၀၀၀) ကျော်အထိ ဖန်တီးပေးခဲ့ပါကြောင်း၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန် ရည်ရွယ်လျက် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo သည် မေရီလန်းပြည်နယ်တွင် ၂၃-၆-၂၀၂၄ ရက်မှ ၂၆-၆-၂၀၂၄ ရက်အထိ 2024 SelectUSA Investment Summit ကို လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း၊ ယင်း 2024 SelectUSA Investment Summit သည် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများနှင့် အဖွဲ့အစည်းများအားအမေရိကန်နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ဖန်တီးပေးရန်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့် 2024 SelectUSA Investment Summit နှင့်ပတ်သက်၍ www.selectusasummit.us  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်း သိရှိရပါသည်။

 

 

(ခင်ဆွေဦး၊ စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA