Thailand

အာဆီယံသဘောတူညီချက်သည် ဒေသတွင်းတွင် ပြည်တွင်းငွေကြေးများ သုံးစွဲမှုကို တွန်းအားပေးရန်ဖြစ်

Last Updated:

ဒေသတွင်း ပေးချေမှုများတွင် ပြည်တွင်းငွေကြေးသုံးစွဲခွင့်ကို အားပေးသည့် အာဆီယံ၏ ပူးတွဲအစီအစဉ်ဖြစ်သည့် “ဒေသတွင်းပေးချေမှုများတွင် ပြည်တွင်းငွေကြေးများမြှင့်တင်ခြင်းနှင့် ချိတ်ဆက်ပေးချေမှု အဆင့်မြှင့်တင်ခြင်းအပေါ် အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်” မူကြမ်းအား ထိုင်းနိုင်ငံအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ထိုင်းနိုင်ငံအစိုးရ၏ ဒုတိယပြောရေးဆိုခွင့်ရှိသူ Ms. Rachada Dhnadirek က ပြောကြားလိုက်ပါသည်။

အဆိုပါ မူကြမ်းကို ၄၂ ကြိမ်မြောက် အာဆီယံ Summit တွင် ကြေညာသွားမည်ဖြစ်ကြောင်း၊ ခိုင်မြဲစွာပူးပေါင်းထားပြီး ဘဏ္ဍာရေးအရ ရေရှည်တည်တံ့ခိုင်မြဲသော အာဆီယံစီးပွားရေးကို ဖော်ဆောင်သွားမည့် အာဆီယံစီးပွားရေး အသိုက်အဝန်း ၂၀၂၅ ပါ ရည်ရွယ်ချက်များနှင့် ကိုက်ညီပါကြောင်း၊ ဒေသတွင်းပေးချေမှုများတွင် ပြည်တွင်းငွေကြေးများ သုံးစွဲမှုမြှင့်တင်ခြင်းနှင့် ချိတ်ဆက်ပေးချေမှုများသည် မူကြမ်း၏ အဓိကလက္ခဏာရပ်များ ဖြစ်ကြောင်း ဆိုပါသည်။

ဒေသတွင်း ချိတ်ဆက်ပေးချေမှုသည် နယ်စပ်ကုန်သွယ်ရေးတွင် လုံခြုံစိတ်ချရသော ပေးချေမှုကိုမြှင့်တင်ရန်၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နယ်စပ်ကုန်သွယ်ရေး ပေးချေမှုစနစ်အတွက် အခြေခံအဆောက်အဦတိုးတက်ရန်နှင့် လွယ်ကူလျင်မြန်စိတ်ချရသော အီလက်ထရောနစ်ပေးချေမှုစနစ်ဖြစ်ရန် အဓိကထားပါကြောင်း၊ ပြည်တွင်းငွေကြေးသုံးစွဲမှုကို မြှင့်တင်ခြင်းသည် ပြည်တွင်းငွေကြေး ပေးချေမှုလုပ်ငန်းအဖွဲ့ တည်ထောင်ရန်၊ ဒေသတွင်း ဘဏ္ဍာရေးကဏ္ဍတွင် ပြည်ပမှသက်ရောက်မှုများကို လျှော့ချပေးရန်နှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတွင် ပြည်တွင်းငွေကြေးသုံးစွဲမှုကိုမြှင့်တင်ရန်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ရှင်းလင်းပါသည်။

ဒေသတွင်း ချိတ်ဆက်ပေးချေမှုနှင့် ပြည်တွင်းငွေကြေးသုံးစွဲမှုကို မြှင့်တင်ခြင်းတို့အတွက် စောင့်ကြည့်ရန် အာဆီယံခေါင်းဆောင်များက နိုင်ငံအလိုက်ဘဏ္ဍာရေးဝန်ကြီးများကို တာဝန်ပေးအပ်ထားပါကြောင်း၊ ယခုသဘောတူညီချက်မူကြမ်းသည် နည်းပညာကို အသုံးပြုခြင်းဖြင့် ဒေသတွင်း အီလက်ထရောနစ်‌ ပေးချေမှုစနစ်ကို မြှင့်တင်လိုသည့် အာဆီယံ ခေါင်းဆောင်များ၏ ဆန္ဒသဘောထား ဖြစ်ပါကြောင်း ၎င်းကဆိုပါသည်။

ထို့ပြင် သဘောတူညီချက်မူကြမ်းတွင် နိုင်ငံများအကြား လက်မှတ်မထိုးရသေးသော လိုက်နာရမည့် ဥပဒေပြဌာန်းချက်များ မပါဝင်ပါကြောင်းနှင့် နိုင်ငံတကာ ဥပဒေအောက်မှ စာချုပ်မဟုတ်ကြောင်း Ms. Rachada က ရှင်းလင်းပြောကြားပါသည်။

 

 

 

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.gov         

Category: Thailand