USA

အမေရိကန်နိုင်ငံသို့တင်သွင်းသည့် သံမဏိနှင့် အလူမီနီယံသွင်းကုန်များနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ခဲ့

Last Updated:

အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သံမဏိသွင်းကုန်များနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ကို ၁၀-၇-၂၀၂၄ ရက်တွင် အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ ထုတ်ပြန် ချက်သည်  ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုတိုးချဲ့ရေးဆိုင်ရာအက်ဥပဒေ (Trade Expansion Act of 1962)၊ ပုဒ်မ ၂၃၂ ပါ စက်ရုံသုံးသံမဏိတင်သွင်းမှုကြောင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက် အစီရင်ခံစာကို ၁၁-၁-၂၀၁၈ ရက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် သံမဏိသွင်းကုန်ပမာဏနှင့် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည့် သံမဏိတင်သွင်းမှု အခြေအနေတို့ရှိသည်ဟု အကြံပြုဖော်ပြခဲ့သည့် အချက်အပေါ်မူတည်၍ ဤထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်သမ္မတအနေဖြင့် အစီရင်ခံစာပါ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၏ အကြံပြုချက်ကို သဘောတူလက်ခံပြီး ကနေဒါနှင့် မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့် သံမဏိသွင်းကုန်များမှအပ ကျန်နိုင်ငံများမှ အမေရိကန်နိုင်ငံသို့ တင်သွင်းလျက်ရှိသည့် သံမဏိသွင်းကုန်များကို တန်ဖိုးအပေါ် အခြေခံ၍ကောက်ခံသည့် Ad Valorem အခွန် (၂၅) ရာခိုင်နှုန်းကို သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သံမဏိ သွင်းကုန်များကို ပြန်လည်ထိန်းညှိခြင်း (Adjusting Imports of Steel Into the United States) နှင့်ပတ်သက်၍ ၈-၃-၂၀၁၈ ရက်ပါ ကြေညာချက်အမှတ် (၉၇၀၅) ကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းကြေညာချက်အရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအား သံမဏိသွင်းကုန်များကို ကြီးကြပ်စစ်ဆေးရန် ညွှန်ကြားခဲ့ပါကြောင်း၊ အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သံမဏိသွင်းကုန်ကို ပြန်လည်ထိန်းညှိခြင်းနှင့် ပတ်သက်၍ ၁၉-၅-၂၀၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အမှတ် (၉၈၉၄) တွင် အမေရိကန်နိုင်ငံအနေဖြင့် မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့်သံမဏိ သွင်းကုန်များကြောင့် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေသည်ဆိုသည့် အချက်နှင့် ပတ်သက်၍ နှစ်နိုင်ငံအကြား ကျေနပ်လောက်ဖွယ် အစီအမံများရှာဖွေလျက် သဘောတူညီမှုရရှိပြီးဖြစ်သည်ဟု ဖော်ပြခဲ့ပါကြောင်းနှင့် ထို့အပြင် ယင်းကြေညာချက်၌ သဘောတူညီခဲ့သည့် အစီအမံများကို ထိရောက်စွာ ကြီးကြပ်သွားရန်နှင့် လိုအပ်သကဲ့သို့ ပြန်လည်သုံးသပ်ရန် သမ္မတအနေဖြင့် ယူဆသည်ဟု ဖော်ပြခဲ့ပါကြောင်း၊ ထို့အပြင် အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သံမဏိသွင်းကုန်ကို ပြန်လည်ထိန်းညှိခြင်းနှင့် ပတ်သက်၍ ၂၄-၁-၂၀၂၀ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အမှတ် (၉၉၈၀) တွင် ၂၀၁၈ ခုနှစ်၊ သံမဏိသွင်းကုန် များအပေါ် ကိုတာ (Quota) သတ်မှတ်ခြင်းနှင့် အကောက်ခွန်နှုန်း သတ်မှတ်ခြင်းတို့နှင့် ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် သံမဏိဖြင့် ထုတ်လုပ်သောကုန်ပစ္စည်းများ၏ တင်သွင်းမှုပို၍များလာခဲ့ကြောင်း၊ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး၏ လေ့လာဆန်းစစ်ချက်အရ နိုင်ငံခြားထုတ်လုပ်သူများသည် သံမဏိဖြင့် ပြုလုပ်သည့်ပစ္စည်းများကို တင်သွင်းခြင်းဖြင့် သံမဏိသွင်းကုန်အပေါ် အကောက်ခွန်ချမှတ်ထားခြင်းအား ရှောင်လွှဲလျက်ရှိကြကြောင်း၊ ထိုသို့ရှောင်လွှဲနေကြခြင်းသည် အမေရိကန်သံမဏိ ထုတ်လုပ်သူများကို လျော့နည်းလာစေသဖြင့် ကြေညာချက်အမှတ် (၉၇၀၅) ၏ ရည်ရွယ်ချက်ကို နှောင့်နှေးစေကြောင်း၊ ထို့ကြောင့် ၎င်းလေ့လာဆန်းစစ်ချက်အပေါ် အခြေခံ၍ အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ မက္ကဆီကိုနှင့် တောင်ကိုရီးယားနိုင်ငံများမှအပ ကျန်နိုင်ငံများမှတင်သွင်းသည့် သံမဏိထုတ်ကုန်များအပေါ် သတ်မှတ်ကောက်ခံသည့် အကောက်ခွန်နှုန်းကို ပြင်ဆင်ရန် လိုအပ်လာကြောင်း  ဖော်ပြထားပါသည်။

သို့ဖြစ်ပါ၍ ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုတိုးချဲ့ရေးဆိုင်ရာအက်ဥပဒေ (Trade Expansion Act of 1962)၊ ပုဒ်မ ၂၃၂ အပါအဝင် အမေရိကန်နိုင်ငံဥပဒေအမှတ် ၃၊ ပုဒ်မ ၃၀၁ နှင့် ၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေ၊ ပုဒ်မ ၆၀၄ တို့နှင့်အညီ အောက်ပါအတိုင်းကြေညာကြောင်း ထုတ်ပြန်ခဲ့ပါသည် -

မက္ကဆီကိုနိုင်ငံမှတင်သွင်းသည့် မက္ကဆီကို၊ ကနေဒါနှင့် အမေရိကန်နိုင်ငံတို့တွင် Melt and Pour requirement ဖြင့်ပြုလုပ်ထားသော မက္ကဆီကိုထုတ်ကုန်များ ဖြစ်သည့် သံမဏိပစ္စည်းများနှင့် ယင်းနှင့် ပြုလုပ်ထားသည့် ပစ္စည်းများကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုရန်နှင့် မက္ကဆီကိုနိုင်ငံမှအပ ကျန်နိုင်ငံများမှ တင်သွင်းသည့် ယင်းပစ္စည်းများကို ဤကြေညာချက်၏ နောက်ဆက်တွဲတွင် ဖော်ပြထားသည့်အတိုင်း အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းဝါးညီစနစ် (HTSUS) တွင် ခေါင်းစဉ်အသစ် ထည့်သွင်းခြင်းနှင့် HTSUS ၏ အခန်း (၉၉)၊ အခန်းငယ် (၃) ၏ အမေရိကန်နိုင်ငံအတွက်မှတ်စု (၁၆) ပါ ပြင်ဆင်ချက်နှင့်အညီ အကောက်ခွန်တိုးမြှင့် ကောက်ခံသွားမည်၊     

Melt and Pour Mechanism ကို အကောင်အထည်ဖော်ရန်အလို့ငှာ သံမဏိနှင့် သံမဏိထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများက အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (Custom and Border Protection - CBP) သို့ ယင်းနည်းလမ်းများနှင့် ပတ်သက်သည့် အချက်အလက်များပံ့ပိုးပေးရန်နှင့် CBP အနေဖြင့် Melt and Pour Mechanism နှင့်ပတ်သက်၍ လိုအပ်ချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်သည်၊

HTSUS ၌ ပြင်ဆင်ပြောင်းလဲချက်များသည် ၁၀-၇-၂၀၂၄ ရက်၊ အမေရိကန်အရှေ့ပိုင်း စံတော် ချိန် နေ့လယ် ၁၂၀၁ နာရီနောက်ပိုင်းတွင် အသက်ဝင်မည်ဖြစ်ပြီး ကြေညာချက်ကို ဖြေလျော့ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းမပြုသရွေ့ အသက်ဝင်နေမည်ဖြစ်သည်၊

၁၀-၇-၂၀၂၄ ရက်၊ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် နေ့လယ် ၁၂၀၁ နာရီမတိုင်မီ ဝင်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဇုန်အောက်ရှိ “နိုင်ငံခြားကုန်စည်ဖြစ်ကြောင်း အဆင့်အတန်းကိုခံစားခွင့်ရှိသည့် (Privileged Foreign Status)” မက္ကဆီကိုနိုင်ငံမှ တင်သွင်းသော သံမဏိသွင်းကုန်များသည် ကြေညာချက် အမှတ် (၉၈၉၄) နှင့် (၉၉၈၀) တို့အရ ၁၀-၇-၂၀၂၄ ရက်၊ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် နေ့လယ် ၁၂၀၁ နာရီနောက်ပိုင်း ဝင်ရောက်သည်ဟု သတ်မှတ်ရမည်၊  

ဤသမ္မတအမိန့်နှင့် ကြေညာချက်ပါ ဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိသည့် မည်သည့်ဖော်ပြချက်မဆို ဤအမိန့်နှင့် အစားထိုးပယ်ဖျက်သည်။   

အလားတူကဲ့သို့ အမေရိကန်နိုင်ငံသို့ တင်သွင်းသည့် အလူမီနီယံသွင်းကုန်များနှင့် ပတ်သက်၍ ထုတ်ပြန်ချက်တစ်ရပ်ကို ၁၀-၇-၂၀၂၄ ရက်တွင် အမေရိကန်သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ခဲ့ ပါသည်။ အဆိုပါ ထုတ်ပြန်ချက်သည်  ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုတိုးချဲ့ရေးဆိုင်ရာအက်ဥပဒေ (Trade Expansion Act of 1962)၊ ပုဒ်မ ၂၃၂ ပါ အလူမီနီယံတင်သွင်းမှုကြောင့် အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ လေ့လာဆန်းစစ်ချက်အစီရင်ခံစာကို ၁၉-၁-၂၀၁၈ ရက်တွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တင်သွင်းခဲ့ရာ ယင်းအစီရင်ခံစာတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက အမေရိကန်နိုင်ငံ၏ အမျိုးသားလုံခြုံရေးကိုထိခိုက်စေနိုင်သည့် အလူမီနီယံသွင်းကုန်ပမာဏနှင့် အမျိုးသားလုံခြုံရေးအပေါ် ခြိမ်းခြောက်မှုဖြစ်စေနိုင်သည့် အလူမီနီယံတင်သွင်းမှု အခြေအနေတို့ရှိသည်ဟု အကြံပြုဖော်ပြခဲ့သည့် အချက်အပေါ်မူတည်၍ ဤထုတ်ပြန်ကြေညာချက်ကို ထုတ်ပြန်ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

အဆိုပါထုတ်ပြန်ချက်တွင် ၁၉၆၂ ခုနှစ်၊ ကုန်သွယ်မှုတိုးချဲ့ရေးဆိုင်ရာအက်ဥပဒေ (Trade Expansion Act of 1962)၊ ပုဒ်မ ၂၃၂ အပါအဝင် အမေရိကန်နိုင်ငံဥပဒေအမှတ် ၃၊ ပုဒ်မ ၃၀၁ နှင့် ၁၉၇၄ ကုန်သွယ်ရေးအက်ဥပဒေ၊ ပုဒ်မ ၆၀၄ တို့နှင့်အညီ အောက်ပါအတိုင်းကြေညာကြောင်း ဖော်ပြထားပါသည် -

မက္ကဆီကိုနိုင်ငံမှတင်သွင်းသည့် အလူမီနီယံထုတ်ကုန်များအတွက် Country of Smelt and Country of Recent Cast Requirement ကို သတ်မှတ်ခြင်းနှင့် မက္ကဆီကိုနိုင်ငံမှ တင်သွင်းသည့် အလူမီနီယံထုတ်ကုန်များတွင် ကနဦးသံရည်ကျိုသည်နိုင်ငံ (Primary Country of Smelt)၊ ထပ်ဆင့်သံရည်ကျိုသည့်နိုင်ငံ (Secondary Country of Smelt) သို့မဟုတ် နောက်ဆုံးအဆင့်သံရည်ကြိုသည့်နိုင်ငံ (Country of most recent cast)သည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ် သို့မဟုတ် အီရန်နိုင်ငံဖြစ်ပါက  ဤကြေညာချက်၏ နောက်ဆက်တွဲ၌ဖော်ပြထားသည့်အတိုင်း အမေရိကန်နိုင်ငံ၏ အကောက်ခွန်စည်းဝါးညီစနစ် (HTSUS) တွင် ခေါင်းစဉ်အသစ် ထည့်သွင်းခြင်းနှင့် HTSUS ၏ အခန်း (၉၉)၊ အခန်းငယ်(၃)၏ အမေရိကန်နိုင်ငံ အတွက်မှတ်စု (၁၉) ပါ ပြင်ဆင်ချက်အတိုင်း အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံ သွားမည်၊  Country of Smelt and Country of Recent Cast Requirement နှင့် အညီထုတ်လုပ်ထားသည့် မက္ကဆီကိုနိုင်ငံ၏ အလူမီနီယံ ထုတ်ကုန်များကို အကောက်ခွန်နှုန်းအသစ်မှ ကင်းလွတ်ခွင့်ပြုမည်၊      

အထက်အပိုဒ် (က) ပါခံစားခွင့်ရရှိလိုသည့် အလူမီနီယံ ထုတ်ကုန်များအတွက် ဆန်းစစ်ချက်သက်သေခံလက်မှတ်ပါရှိရမည်။ အကျိုးခံစားခွင့်ရရှိသည့် အလူမီနီယံ ထုတ်ကုန်များ၏ Primary Country of Smelt ၊  Secondary Country of Smelt သို့မဟုတ် Country of most recent cast သည် တရုတ်၊ ရုရှား၊ ဘယ်လာရုစ် သို့မဟုတ် အီရန်နိုင်ငံများ မဖြစ်ရပါ၊

ဤကြေညာချက်နှင့် အခြားဆက်စပ်ကြေညာချက်များကို အကောင်အထည်ဖော်ရန် အလို့ငှာ အလူမီနီယံသွင်းကုန်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကနဦးအဆင့် အလူမီနီယံ သံရည်ကျိုသည့်နိုင်ငံကို သတ်မှတ်ရန်လိုအပ်သော အချက်အလက်များအား သွင်းကုန်လုပ်ငန်းရှင်များက အကောက်ခွန်နှင့် နယ်စပ်ကာကွယ်ရေးဌာန (Custom and Border Protection - CBP) သို့ ပံ့ပိုးပေးရန်နှင့် CBP အနေဖြင့် Smelt and Cast information နှင့်ပတ်သက်၍ လိုအပ်ချက်များကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်သည်၊

HTSUS ၌ ပြင်ဆင်ပြောင်းလဲချက်များသည် ၁၀-၇-၂၀၂၄ ရက်၊ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် နေ့လယ် ၁၂၀၁ နာရီနောက်ပိုင်းတွင် အသက်ဝင်မည်ဖြစ်ပြီး ကြေညာချက်ကို ဖြေလျော့ခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းမပြုသရွေ့ အသက်ဝင်နေမည်ဖြစ်သည်၊

၁၀-၇-၂၀၂၄ ရက်၊ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် နေ့လယ် ၁၂၀၁ နာရီမတိုင်မီ ဝင်ရောက်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဇုန်အောက်ရှိ “နိုင်ငံခြားကုန်စည်ဖြစ်ကြောင်း အဆင့်အတန်းကိုခံစားခွင့်ရှိသည့် (Privileged Foreign Status)” မက္ကဆီကိုနိုင်ငံမှ တင်သွင်းသော အလူမီနီယံသွင်းကုန်များသည် ကြေညာချက်အမှတ် (၉၈၉၃)၊ (၉၉၈၀)နှင့် (၁၀၅၂၂) တို့အရ ၁၀-၇-၂၀၂၄ ရက်၊ အမေရိကန်အရှေ့ပိုင်း စံတော်ချိန် နေ့လယ် ၁၂၀၁ နာရီနောက်ပိုင်း ဝင်ရောက်သည်ဟု သတ်မှတ်ရမည်၊  

ဤသမ္မတအမိန့်နှင့် ကြေညာချက်ပါ ဖော်ပြချက်များနှင့် ကိုက်ညီမှုမရှိသည့် မည်သည့် ဖော်ပြချက်မဆို ဤအမိန့်နှင့် အစားထိုးပယ်ဖျက်သည်။  

အမေရိကန်နိုင်ငံသည် ၁၇-၄-၂၀၂၄ ရက်တွင် သင်္ဘောတည်ဆောက်မှုနှင့် အမေရိကန်နိုင်ငံ၏ သံမဏိထုတ်လုပ်မှုကဏ္ဍကို တရုတ်နိုင်ငံ၏မျှတမှုမရှိသောအခြေအနေမှ ကာကွယ်ရန်အတွက် အရေးယူမှုအသစ်များကို ပြုလုပ်ခဲ့သည်ကိုတွေ့ရှိရပြီး ယခုထုတ်ပြန်ချက်အရ အကောက်ခွန်နှုန်းကို ရှောင်လွှဲရန် မက္ကဆီကိုနိုင်ငံမှတစ်ဆင့် ဝင်ရောက်လာနိုင်သည့် တရုတ်၊ ရုရှား၊ ဘယ်လာရုစ် သို့မဟုတ် အီရန်နိုင်ငံများ၏ သံမဏိနှင့် အလူမီနီယံထုတ်ကုန်များ တင်သွင်းမှုအပေါ် အမေရိကန်နိုင်ငံအနေဖြင့် အမျိုးသားလုံခြုံရေးအရ ကန့်သတ်ရန်နှင့် သွင်းကုန်ထိန်းချုပ်နိုင်ရေးအတွက် အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံရန် ထုတ်ပြန်ချက်များဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။  

 

 

Source; https://www.whitehouse.gov/briefing-room/presidential-actions/ 2024/07/10/ a-proclamation-on-adjusting-imports-of-steel-into-the-united-states-7/

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA