Germany

ဥရောပသမဂ္ဂက ချမှတ်ထားသည့် ကုန်သွယ်မှု အတားအဆီးများအပေါ် တရုတ်နိုင်ငံက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်

Last Updated:

ဥရောပသမဂ္ဂက တရုတ်ကုမ္ပဏီများအား မကြာသေးမီက ပြုလုပ်ခဲ့သော စုံစမ်းစစ်ဆေးမှုများအပေါ် သိသာထင်ရှားသော လက်တုံ့ပြန်မှုတစ်ခုအနေဖြင့် ဥရောပ၏မူဝါဒများကို စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၁၀-၇-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်စီးပွားရေးလုပ်ငန်းများအပေါ် ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဥရောပသမဂ္ဂမှ ချမှတ်ထားသော သက်ဆိုင်ရာကျင့်ထုံးများအပေါ် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အတားအဆီးများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဟု ၎င်း၏ ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားခဲ့သည်။

စက်ပစ္စည်းများနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းတို့နှင့် စပ်လျဉ်း ၍ တရုတ်နိုင်ငံရှိ The national Chamber of Commerce မှ တိုင်ကြားလာပြီးသည့်နောက် အနည်းဆုံး ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ကြာချိန်ယူ၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါစုံစမ်းစစ်ဆေးမှုသည် ဥရောပသမဂ္ဂ၏ ပြည်တွင်းဈေးကွက်ကို ပျက်ပြားစေခဲ့၍ နိုင်ငံခြားထောက်ပံ့ငွေများဆိုင်ရာစည်းမျဉ်းအရ တရုတ်ကုမ္ပဏီများအား စုံစမ်းစစ်ဆေးခဲ့သည့် ဥရောပသမဂ္ဂ၏ ကျင့်ထုံးများအပေါ် အဓိကထား လုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ ရထားစက်ခေါင်းများ၊ နေရောင်ခြည်မှရရှိသော အလင်းရောင်ကိုအသုံးပြု၍ လျှပ်စစ်ထုတ်လုပ်နိုင်သည့်ပစ္စည်းများ၊ လေအားလျှပ်စစ်နှင့် သက်ဆိုင်သည့်ပစ္စည်းများနှင့် လုံခြုံရေးဆိုင်ရာ စစ်ဆေးရေးကိရိယာများ အပါအဝင် ကဏ္ဍအလိုက် ကုန်ပစ္စည်းများအပေါ် ဥရောပ၏ အရေးယူ ဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသော အကျိုးသက်ရောက်မှုကို စုံစမ်းစစ်ဆေးသွားမည်ဟု တရုတ်အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင် (၂၇) နိုင်ငံတို့အကြား ကုန်သွယ်ရေး တင်းမာမှုများသည် မကြာမီကာလအတွင်း မြင့်တက်လာခဲ့သည်။ တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားများ တင်သွင်း ခဲ့မှုနှင့် ပတ်သက်၍ အီးယူနှင့် တရုတ်နိုင်ငံတို့အကြား သဘောထားကွဲလွဲမှုများ ရှိလာခြင်းသည် ကုန်သွယ်ရေးစစ်ပွဲကို ဖြစ်ပွားစေနိုင်ကြောင်း တရုတ်အစိုးရက ပြီးခဲ့သည့်လတွင် သတိပေးခဲ့သည်။

တရုတ်အစိုးရမှ ၎င်းနိုင်ငံရှိ  လျှပ်စစ်ကား ထုတ်လုပ်သည့် စက်ရုံများအတွက် ထောက်ပံ့ကြေးများပေးခဲ့ခြင်းသည်  တရားမျှတမှုမရှိဘဲ ဥရောပရှိပြိုင်ဘက်များကို ထိခိုက်နစ်နာစေခဲ့သည်ဟု ပြီးခဲ့သည့်နှစ်တွင် ဥရောပကော်မရှင်က ကောက်ချက်ချခဲ့သည်။ ရလဒ်အနေဖြင့် ဥရောပသမဂ္ဂသည် တရုတ်နိုင်ငံရှိ မော်တော်ကားထုတ်လုပ်သူများနှင့် တရုတ်စီးပွားရေးအုပ်စုများ၏ ပြစ်တင်ဝေဖန်မှုများကြားမှ တရုတ်နိုင်ငံမှ လျှပ်စစ်ကား တင်သွင်းမှုအပေါ် ယာယီအစီအစဉ် အကောက်ခွန် ၃၈ ရာခိုင်နှုန်းအထိ သတ်မှတ်ခဲ့သည်။

ဥရောပသမဂ္ဂသည် ထိရှလွယ်သော နည်းပညာများနှင့် အဓိကကျသော အခြေခံအဆောက်အအုံများကို ကမ္ဘာလုံးဆိုင်ရာ ပြိုင်ဘက်များလက်သို့မရောက်ရှိနိုင်ရေးကို ထိန်းသိမ်းထားရန် ရည်ရွယ်သည့် အစီအမံများစွာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကန့်သတ်ချက်အသစ်များအရ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးရန်၊ ပို့ကုန်များအပေါ် ထိန်းချုပ်မှု ပိုမိုတင်းကျပ်ရန်နှင့် အဓိကကျသော နည်းပညာများကို သုတေသနပြုရာ၌ ပါဝင်မည့်သူများရွေးချယ်မှုကိုပါ ပိုမိုကြပ်မတ်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/china-opens-investigation-of-eu-imposed-trade-barriers/a-69612860

စီးပွားရေးသံမှူး၊ ဘာလင်

Category: Germany