Germany

ဂျာမနီ၏ ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းအရ ဂျာမန်မိသားစုများအနေဖြင့် အထောက်အပံ့များ ပိုမိုရရှိနိုင်

Last Updated:

ဂျာမနီ၏ အာဏာရ သုံးပါတီညွန့်ပေါင်းအစိုးရအဖွဲ့မှ ခေါင်းဆောင်များသည် ရာသီဥတုကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ အစီအစဉ်အတွက် ငွေကြေးပိုမိုသုံးစွဲမည့် ကိစ္စရပ်များနှင့်အတူ  မိသားစုများအတွက် အထောက်အပံ့များ တိုးမြှင့်ပေးမည့်ကိစ္စနှင့် မူလတန်းကျောင်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်မည့်ကိစ္စများ ပါဝင်နေသည့် ၂၀၂၅ ခုနှစ်အတွက် ဘတ်ဂျက်မူကြမ်းတစ်စောင်ကို ၅-၇-၂၀၂၄ ရက်တွင် တင်ပြခဲ့ကြသည်။

ဆိုရှယ်ဒီမိုကရက်များ (SPD) မှ ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz ၊ Green Party မှ စီးပွားရေးဝန်ကြီး Mr. Robert Habeck နှင့် Neoliberal Free Democrats (FDP) မှ ဘဏ္ဍာရေးဝန်ကြီး Mr. Christian Lindner တို့သည် အဆိုပါ ၂၀၂၅ ခုနှစ် ဘတ်ဂျက်မူကြမ်းအား မတင်ပြမီ ယင်းနေ့ (၅-၇-၂၀၂၄ ရက်) နံနက်အစောပိုင်းတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

ဘတ်ဂျက်မူကြမ်းအား လက်ခံနိုင်ခြင်း ရှိ-မရှိကို ၁၇-၇-၂၀၂၄ ရက်တွင် အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဖြစ်ကြောင်း၊ ယင်းနောက်တွင် ပါလီမန် (သို့မဟုတ်) အောက်လွှတ်တော် (Bundestag) ၌ ယင်းမူကြမ်းအပေါ် ကျေနပ်မှုရရှိသည်အထိ အချေအတင် ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (သို့မဟုတ်) ဒီဇင်ဘာလတွင် ယင်းဘတ်ဂျက်မူကြမ်းအား အတည်ပြုနိုင်ဖွယ်ရှိကြောင်း ဖော်ပြထားပါသည်။

ဘတ်ဂျက်မူကြမ်းတွင် ပင်စင်လစာများ ကောင်းမွန်စွာပေးနိုင်ရေး၊ နိုင်ငံအတွင်း လမ်းများ ကောင်းမွန်စေရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ လုပ်ခလစာ ကောင်းမွန်စေရေးနှင့် အလုပ်အကိုင်များ လုံခြုံမှုရှိစေရေး စသည်တို့အတွက် ပံ့ပိုးမှုများ ပါဝင်ရန် လိုအပ်ကြောင်း ဝန်ကြီးချုပ် Mr. Olaf Scholz က ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်က နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ်အား လက်ရှိတွင် ယူရို (၅၂) ဘီလီယံသုံးစွဲနေရာမှ ၂၀၂၈ ခုနှစ်မတိုင်မီ ယူရို ဘီလီယံ (၈၀) အထိ တိုးမြှင့်သွားရန်ရှိကြောင်း၊ သို့မှသာ ဂျာမနီအနေဖြင့် နေတိုးက ချမှတ်ထားသည့် ကာကွယ်ရေးအတွက် ဂျီဒီပီ၏ ၂ ရာခိုင်နှုန်းကို သုံးစွဲရမည်ဟူသော ရည်မှန်းချက်အား ရေရှည်တွင် ပြည့်မီသွားနိုင်မည်ဖြစ်ကြောင်း ၎င်း၏ Presentation တွင် ထည့်သွင်းဆွေးနွေးသွားခဲ့သည်။ ထို့ပြင် ယခုနှစ်၏ ဖြည့်စွက်ဘတ်ဂျက်တွင် ကြွေးမြီ ယူရို (၁၁) ဘီလီယံခန့် ပိုမိုယူရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ဂျာမနီ၏ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားရေးဝန်ကြီးဖြစ်သူ Mr. Habeck က sustainable and climate-neutral economy ပြောင်းလဲရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် လိုအပ်သည်ဟု အစိုးရ ဝက်ဘ်ဆိုဒ်တစ်ခုတွင် ဖော်ပြထားသည့် The Climate and Transformation Fund (KTF) အတွက် ယူရို (၃၄) ဘီလီယံရရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

ယခု ဘတ်ဂျက်အစီအစဉ်သည် အကောင်းမြင်မှုများ များလွန်းနေသည်ဟု ဝေဖန်လာမှု များကို ဘဏ္ဍာရေးဝန်ကြီး Mr.  Lindner က ပယ်ချခဲ့ပြီး၊ ၎င်းတို့အနေဖြင့် ယခုဘတ်ဂျက်မူကြမ်းကို သေချာတိကျစွာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ရေးဆွဲပြီးမှ ခိုင်မာသည့် မူကြမ်းကို ထုတ်ပြန်လာခြင်းဖြစ်ကြောင်း၊ ယခင်နှစ် ဘတ်ဂျက်များတွင် ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန်၌ အသုံးမပြုခဲ့ရသည့် အသုံးစရိတ်များရှိနေသည်ကို မကြာခဏ တွေ့ရှိရကြောင်း ထောက်ပြခဲ့သည်။  

ဂျာမနီနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသော Debt Brake တွင် အစိုးရ သည် ခြွင်းချက်ပြုနိုင်သည့် အခြေအနေများတွင်သာ ကြွေးမြီအသစ်များကို ရယူနိုင်ကြောင်း အဓိက အချက်အဖြစ် ဖော်ပြထားပါသည်။ အစိုးရအသုံးစရိတ် ယူရို (၁၀) ဘီလီယံခန့် လိုငွေ ပြနေချိန်တွင် SPD အနေဖြင့် Debt Brake ကို နောက်တစ်ကြိမ် ထပ်မံဆိုင်းငံ့ထားလိုခဲ့သည်။

လွန်ခဲ့သည့်နှစ်များအတွင်း Debt Brake ကို ကြိမ်ပေါင်းများစွာ ရပ်ဆိုင်းခဲ့ရပြီးဖြစ်၍ Debt Brake ကို ပြန်လည်စတင်ရန် အပြင်းအထန် အားပေးခဲ့သည့် FDP အနေဖြင့် လာမည့် ၂၀၂၅ ဘတ်ဂျက်တွင် Debt Brake ကို ဆိုင်းငံ့ခြင်းမပြုတော့ဘဲ ဆက်လက်ထားရှိနိုင်ရေး တွန်းအားပေးခဲ့ရာ အောင်မြင်မှုများရရှိခဲ့သည်။ FDP ၏ ပါလီမန် ပါတီအကြီးအကဲဖြစ်သူ  Mr. Christian Dürr က ယခုဘတ်ဂျက်မူကြမ်းတွင် Debt Brake ကို သတိပြုမိခဲ့သည့်အတွက် ချီးကျူးခဲ့ပြီး ဂျာမနီနိုင်ငံရှိ လူအများစုအနေဖြင့် Debt Brake ကို လိုလားနေကြသည့်အတွက် တာဝန်ရှိအစိုးရ၏ တစ်စိတ်တစ်ဒေသအဖြစ် အကောင်အထည်ဖော်ပေးရန်မှာ FDP ၏ တာဝန်ဖြစ်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ၂၀၂၅ ဘတ်ဂျက်မူကြမ်းတွင် ၂၀၂၅ ခုနှစ်၌ လိုအပ်နေသော မိသားစုများအတွက် အရေးပေါ် ကလေးစရိတ်ခွင့်ပြုငွေ (၅) ယူရို (အမေရိကန်ဒေါ်လာ ၅.၄ ဒေါ်လာ) တိုးလာမည်ကို ကြိုတင်မြင်နေရကြောင်း၊ ထို့ကြောင့် လစဉ် ကလေးခံစားခွင့်များအနေဖြင့် ကလေးတစ်ဦးလျှင် ယူရို (၂၅၅) အထိ တိုးလာမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် နောင်လာမည့် (၂) နှစ်အတွင်း နေ့ကလေးထိန်းဂေဟာများတွင် ယူရို (၂) ဘီလီယံခန့် ရင်းနှီးမြှုပ်နှံရန်လည်း စီစဉ်ထားကြောင်း၊ ကလေးများအတွက် အခွန်နုတ်ယူနိုင်သည့် အစုငွေသည် ယူရို (၂၂၈) မှ ယူရို (၉၅၄၀) အထိ တိုးလာကာ နောက်နှစ်တွင် ယူရို (၆၀) ထပ်မံတိုးလာမည်ဖြစ်ကြောင်း၊ အစိုးရအစီအစဉ်အရ ပင်စင်ယူထားပြီးသော အလုပ်သမားများအတွက် ပင်စင်နှင့် အလုပ်လက်မဲ့ အာမခံများကို အလုပ်ရှင်မှ ပံ့ပိုးကူညီနေခြင်းအား အနာဂတ်တွင် လုပ်ခအဖြစ် တိုက်ရိုက်ပေးချေမည်ဖြစ် ကြောင်း၊ သက်သာချောင်ချိရေးအသုံးစရိတ်တွင်လည်း ရေရှည်အလုပ်လက်မဲ့များအား အလုပ်အသစ် ပထမဆုံးရလာသည့်နှစ်၌ ၎င်းတို့၏ အကျိုးခံစားခွင့်များမဆုံးရှုံးဘဲ ပိုမိုစုဆောင်းမိစေရေးအတွက် တွန်းအားပေးသည့်အနေဖြင့် start-up funding ထူထောင်ပေးသွားမည်ဖြစ် ကြောင်း၊ အခွန်ကင်းလွတ်ခွင့်ပြုမှုများအား တိုးမြှင့်သွားပြီး ဝင်ငွေခွန်နှုန်းထားများအား ငွေကြေးဖောင်းပွမှုနှင့်အညီ ချိန်ညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အချိန်ပိုလုပ်အားခများအတွက် အခွန်ကင်းလွတ်ခွင့်များရရှိရန်လည်း စတင်တင်သွင်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားပါသည်။

 

 

Source:         https://www.dw.com/en/germany-families-gain-more-support-in-draft-2025-budget/a-69566764

စီးပွားရေးသံမှူး၊ ဘာလင်

Category: Germany