Korea

၂၀၂၃ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ၁.၅ ရာခိုင်နှုန်း တိုးတက်မည်ဟု ကိုရီးယားဖွံ့ဖြိုးရေးသိပ္ပံက ခန့်မှန်း

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းတိုးတက်လိမ့်မည်ဟု တောင်ကိုရီးယားနိုင်ငံပိုင် အတွေးအခေါ်ပညာရှင်အဖွဲ့အစည်းဖြစ်သည့် ကိုရီးယားဖွံ့ဖြိုးရေးသိပ္ပံ (Korea Development Institute- KDI) က ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ယင်းပမာဏသည် လွန်ခဲ့သော (၃) လက KDI က ခန့်မှန်းထားသည့်နှုန်းထားနှင့် ထပ်တူပင်ဖြစ်ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ပြန်လည်ကောင်းမွန်လာသည့် အရိပ်အယောင်ရှိနေပါကြောင်း၊ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍ (အထူးသဖြင့် ကားနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း များထုတ်လုပ်သည့် လုပ်ငန်းများ) ၏ စီးပွားရေးပြန်လည်နလန်ထူလာခြင်းသည် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတစ်ခုလုံး နလန်ထူလာအောင် ဦးဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် ၂.၃ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု ခန့်မှန်းကြောင်း KDI ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးတိုးတက်မှု ဆက်လက်တည်ငြိမ်နေမည်ဖြစ်သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ခန့်မှန်းထားသည့်အတိုင်း တိုးတက်လာလိမ့်မည်ဟု ခန့်မှန်းကြောင်း၊ သို့သော် တရုတ်နိုင်ငံ၏ စီးပွားရေးကျဆင်းခြင်း (သို့မဟုတ်) ကမ္ဘ့ာအင်အားကြီးနိုင်ငံများတွင် ငွေကြေးဖောင်းပွမှု ဆက်လက်မြင့်မားလာခြင်းတို့ကြောင့် ငွေကြေးမူဝါဒတင်းကြပ်မှုများ ထပ်မံဆောင်ရွက် မည်ဆိုပါက တောင်ကိုရီးယား၏ စီးပွားရေးပြန်လည်နလန်ထူလာမှု နှေးကွေးနိုင်ကြောင်း KDI ၏ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ ကမ္ဘာ့ရာသီဥတုအခြေအနေ ယိုယွင်းပျက်စီးလာခြင်းနှင့်အ တူ ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အကြား စစ်ပွဲတို့ကြောင့် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများနှင့် ကောက်ပဲသီးနှံဈေးနှုန်းများမြင့်မားလာပြီး ငွေကြေးဖောင်းပွနှုန်းမြင့်မားလာပါက အမေရိကန်ပြည် ထောင်စုအပါအဝင် ကမ္ဘာ့အဓိကနိုင်ငံကြီးများတွင် ငွေကြေးမူဝါဒတင်းကျပ်မှုများ ထပ်မံတိုးမြှင့် ဆောင်ရွက်နိုင်ဖွယ်ရှိသည်ဟု KDI ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ အဆိုပါ အစီရင်ခံစာတွင် တောင်ကိုရီးယားနိုင်ငံ၏ ငွေကြေးဖောင်းပွနှုန်းသည်လည်း ၂၀၂၃ ခုနှစ်တွင် ၃.၅ ရာခိုင်နှုန်း တွင် ရှိနေနိုင်ကြောင်း ဖော်ပြထားရာ  ၂၀၂၃ ခုနှစ်၊ မေလအတွင်း KDI က ထုတ်ပြန်ခဲ့သော နှုန်းထားဖြစ်သည့် ၃.၄ ရာခိုင်နှုန်းထက် ပိုမိုလာပါသည်။ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမြင့်မားမှုကြောင့်လည်း ငွေကြေးဖောင်းပွနှုန်းကို တိုးမြှင့်ခန့်မှန်းကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်းကလည်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (The Organization for Economic Cooperation and Development) က တောင်ကိုရီးယား နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၁.၅ ရာခိုင်နှုန်းတိုးတက်လိမ့်မည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့ပါသည်။ သို့သော် တောင်ကိုရီးယားအစိုးရကမူ စီးပွားရေးတိုးတက်မှုနှုန်းသည် ၁.၄ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ခန့်မှန်းထားပါသည်။

 

 

 

 

Source: https://www.koreatimes.co.kr/www/biz/2023/08/488_356764.html

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea