Thailand

လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်များ (Free Trade Agreements-FTAs)ဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများသည် နှောင့်နှေးမှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်

Last Updated:

အစိုးရသစ်ဖွဲ့စည်းနိုင်ရေးအပေါ် အားလုံးအာရုံစိုက်နေချိန်တွင် FTA များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးမှုများသည်လည်း နှောင့်နှေးမှုမရှိဘဲ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ဆွေးနွေးဖက် နိုင်ငံသစ်များဖြစ်သည့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE)နှင့် သီရိလင်္ကာတို့ဖြစ်ကြောင်း၊ ၎င်းတို့သည် EU ကဲ့သို့ပင် ထိုင်းနိုင်ငံအတွက် အရေးပါသော မိတ်ဖက်များဖြစ်ကြောင်း ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Auramon Supthaweethum က ပြောကြားခဲ့ပါသည်။

ထိုင်းနှင့် UAE တို့အကြား FTA ဆွေးနွေးမှုကို ယခုနှစ်အကုန်နှင့် သီရိလင်္ကာနိုင်ငံနှင့် ဆွေးနွေးမှုကို ၂၀၂၄ ဖေဖော်ဝါရီတို့တွင် အပြီးသတ်တော့မည်ဖြစ်ကြောင်း၊ မဖြေရှင်းရသော ကိစ္စရပ်များ အတွက် (၆) ကြိမ်မြောက် ညှိနှိုင်းမှုအစည်းအဝေးကို ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကုန်သွယ်ရေး၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးနှင့် ကုန်သွယ်မှုဆိုင်ရာ နည်းပညာ အတားအဆီးများအပေါ် ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။

အစိုးရသစ်မဖွဲ့စည်းရသေးသော်လည်း လက်ရှိအစိုးရ အရာရှိများက ညှိနှိုင်းမှုများ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သောကြောင့် တိုးတက်မှုများရှိပါကြောင်း၊ နောက်ဆုံးရလဒ်များကို အစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် ခွင့်ပြုချက်ရယူသည့် လုပ်ငန်းစဉ်သည် ၁ နှစ်ခန့်ကြာမြင့်တတ်ကြောင်း၊ ယင်းကာလတွင် အစိုးရသစ်သည် ဖွဲ့စည်းနိုင်ပြီး လက်မှတ်ရေးထိုးနိုင်မည်ဖြစ်ကြောင်း Mrs. Auramon က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်း-EU FTA ၏ ပထမအကြိမ် ဆွေးနွေးပွဲကို စက်တင်ဘာ ၁၈ ရက်နေ့တွင် ဘရပ်ဆဲလ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုဈေးကွက်သစ်များ ဖွင့်လှစ်လိုက်ခြင်းသည် လက်ရှိ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအခြေ အနေများကိုလည်း ဖြေရှင်းရာတွင် အရေးပါပါကြောင်း၊ FTA  များသည် စီးပွားရေးလုပ်ငန်းရှင်များအတွက် နိုင်ငံ တကာကုန်သွယ်မှု ချဲ့ထွင်ရာတွင် အရေးကြီးသော အချက်ဖြစ်ကြောင်း၊ အခွန်ဆိုင်ရာ ခံစားခွင့်များလည်း ရရှိနိုင်ပါကြောင်း၊ ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြင့်တက်စေပါကြောင်း၊ ထိုင်းထုတ်ကုန်များကိုလည်း ကမ္ဘာနှင့်အဝှမ်း ဦးတည်နေသည့် Bio- , Circular and Green(BCG) ထုတ်ကုန်များအဖြစ် ပံ့ပိုးရာရောက်ပါကြောင်း Mrs. Auramon က သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသည် အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် စီးပွားရေးအရ မသေချာမှုများရှိနေသောကြောင့် ၂၀၂၂ ခုနှစ်တွင် လက်မှတ်ရေးထိုး အသက်ဝင်ခဲ့သော RCEP နှင့် အခြားသော နိုင်ငံများနှင့် FTA များ ဆွေးနွေး၍ ဈေးကွက်လမ်းကြောင်းချဲ့ထွင်လျက်ရှိကြောင်း သုံးသပ်မိပါသည်။ မြန်မာနိုင်ငံအနေဖြင့်လည်း ဈေးကွက်ချဲ့ထွင်နိုင်ရေးအတွက် FTA များ ဆွေးနွေးနိုင်ရေး စဉ်းစားနိုင်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost. gov. 

( စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand