Germany

ဂျာမနီနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဇူလိုင်လတွင် အနည်းငယ်ကျဆင်း

Last Updated:

ပြီးခဲ့သည့်ဇူလိုင်လကုန်တွင် ထုတ်ပြန်ခဲ့သော ပဏာမကိန်းဂဏန်းများအပေါ် အတည်ပြုချက်အရ  ဂျာမနီ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ဇူလိုင်လတွင် ၆.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း Federal Statistical Office (Destatis) က ၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အဆိုပါကိန်းဂဏန်းများသည် ယခင်လ(ဇွန်လ)ကထက် ၀.၂ ရာခိုင်နှုန်းကျဆင်းနေခဲ့ သော်လည်း စားသောက်ကုန်ဈေးနှုန်းများ ဆက်လက်မြင့်မားနေမှုက ငွေကြေးဖောင်းပွမှုနှုန်းကို သာမန်အဆင့်များထက် ကျော်လွန်၍ မြင့်မားနေဆဲဖြစ်စေခဲ့သည်။ ဇွန်လ၏ ငွေကြေး ဖောင်းပွမှုနှုန်းမှာ ၆.၄ ရာခိုင်နှုန်းဖြစ်၍ မေလတွင် ၆.၁ ရာခိုင်နှုန်း ဖြစ်ပါသည်။

ဂျာမနီနိုင်ငံရှိ စားသောက်ကုန်များအားလုံး၏စျေးနှုန်းကို တစ်နှစ်ထက်တစ်နှစ် နှိုင်းယှဉ် ကြည့်ပါက ၁၁ ရာခိုင်နှုန်း မြင့်မားနေကြောင်း တွေ့ရှိခဲ့ရပါသည်။ အချိုလွန်ကဲသော စားသောက်ကုန်များကို ဈေးနှုန်းမြင့်မားစွာပေး၍ ဝယ်ယူကြရသည်ဖြစ်ရာ သကြား၊ ယို၊ ပျားရည်နှင့် အခြားချိုသော အရသာရှိသည့် ထုတ်ကုန်များ၏ ဈေးနှုန်းသည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ၁၉ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပါသည်။

ပေါင်မုန့်နှင့် ကောက်နှံမှရရှိသော ထွက်ကုန်များအတွက် စားသုံးသူများအနေဖြင့် ၁၇ ရာခိုင်နှုန်း နီးပါး ပိုမိုကုန်ကျပြီး ဟင်းသီးဟင်းရွက်ဝယ်ယူမှုအတွက်မူ ၁၆ ရာခိုင်နှုန်းနီးပါး ပိုမို ကုန်ကျပါသည်။ စားသောက်ကုန်ကဏ္ဍရှိ တစ်ခုတည်းသော ဈေးသက်သာသည့်ထုတ်ကုန်မှာ ဆီဖြစ်ပြီး ယခင်နှစ် (၂၀၂၂ ခုနှစ်)ကထက် ၁၂.၉ ရာခိုင်နှုန်း လျော့နည်းခဲ့ပါသည်။

စွမ်းအင်ဈေးနှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လကထက် ၅.၇ ရာခိုင်နှုန်း ပိုမိုများပြားခဲ့ပြီး လျှပ်စစ် မီတာခမှာ ၁၇.၆ ရာခိုင်နှုန်း စျေးပိုကြီးလာကာ အပူလွှတ်ပေးခြင်းအတွက် အသုံးပြု ရသော ဆီ မှာမူ ၃၅.၅ ရာခိုင်နှုန်း စျေးကျသွားခဲ့ပါသည်။

စာရင်းဇယားများတွင် အစားအစာနှင့် စွမ်းအင် မပါဝင်ဘဲ ငွေကြေးဖောင်းပွမှုမှာ ၅.၅ ရာခိုင်နှုန်း ဖြစ်ပါသည်။

နွေရာသီအားလပ်ရက်များအပြီး သြဂုတ်လတွင် ကျောင်းများပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသားများအတွက် လိုအပ်သော ကျောင်းသုံးပစ္စည်းများ၏ ဈေးနှုန်းမှာ ယမန်နှစ်ကထက် မြင့်မားလာခဲ့ပြီး လေ့ကျင့်ခန်းစာအုပ်များနှင့် ပုံဆွဲစက္ကူများ၏ ဈေးနှုန်းမှာ ၁၃.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

ယူရိုဇုန်နိုင်ငံပေါင်း(၂၀)တွင် ငွေကြေးဖောင်းပွမှုသည် ဇူလိုင်လ၌ ၅.၃ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး မေလနှင့်နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းအငယ်ကျဆင်းခဲ့ကြောင်း ဥရောပ စာရင်းအင်း အေဂျင်စီ Eurostat က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့ပါသည်။

အဆိုပါကိန်းဂဏန်းများသည် ငွေကြေးဖောင်းပွမှု ကျဆင်းရန်လမ်းကြောင်းကိုဖော်ပြနေပြီး စက်တင်ဘာလတွင် ယခုထက်ပို၍ကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း Düsseldorf အခြေစိုက် Macroeconomic Policy Institute (IMK) မှ စီးပွားရေးပညာရှင် Sebastian Dullien ကReuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

 

 

Source:         https://www.dw.com/en/germany-inflation-sinks-slightly-in-july/a-66467055

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany