ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၄.၁ သန်းကျော်ကို ကြိုဆိုခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၁.၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း အထွေထွေ စာရင်းအင်းရုံး (GSO) ၏ နောက်ဆုံးအစီရင်ခံစာကို ကိုးကား၍ ဗီယက်နမ်သတင်းအေဂျင်စီမှ ဖော်ပြခဲ့သည်။
နှစ်သက်ဖွယ်ကောင်းသော ဗီဇာမူဝါဒများ၊ ပိုမိုကောင်းမွန်သော ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်များနှင့် နိုင်ငံတကာခရီးသွားလုပ်ငန်းဆုများ အများအပြားရရှိခြင်းတို့သည် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံခြားဧည့်သည်များ ပိုမိုဝင်ရောက်လာစေရန် ဆွဲဆောင်ရာတွင် အထောက်အကူ ဖြစ်စေကြောင်း သိရှိရပါသည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ဗီယက်နမ်သို့ နိုင်ငံတကာခရီးသွားဧည့်သည် ဝင်ရောက်မှု ၁.၄၂ သန်းရောက်ရှိခဲ့ပြီး စက်တင်ဘာလတွင် ၁.၃ သန်းရှိခဲ့သည့် ကိန်းဂဏန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ်တိုးလာပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၂၇.၆ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားပါသည်။
အောက်တိုဘာလမှ မတ်လအတွင်း နိုင်ငံတကာခရီးသွားများ အထူးသဖြင့် ဥရောပနိုင်ငံများမှ ခရီးသွားများလည်ပတ်မှု အထွတ်အထိပ်ကာလဖြစ်သောကြောင့် ကိန်းဂဏန်းများ ဆက်လက်တိုးလာမည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတကာမှ ရောက်ရှိမှု စုစုပေါင်း ၁၄.၁ သန်းအနက် ၁၂ သန်းနီးပါးသည် လေကြောင်းဖြင့် ရောက်ရှိလာကြောင်း၊ ကုန်းလမ်းဖြင့် ရောက်ရှိလာသူ ခရီးသွားဧည့်သည် ၂ သန်း နီးပါးရှိကြောင်း သိရှိရပါသည်။
အာရှဈေးကွက်များမှ လာရောက်မှု အချိုးအစားမှာ စုစုပေါင်းလာရောက်မှု၏ ၈၀ ရာခိုင်နှုန်း နီးပါးရှိပြီး အဓိကဈေးကွက် ၄ ခုဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံ၊ တရုတ်၊ ထိုင်ဝမ် (တရုတ်) နှင့်ဂျပန် လာရောက်မှုမှာ ၆၀ ရာခိုင်နှုန်း နီးပါးစာရင်းရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် ပထမ ၁၀ လတွင် ကိုရီးယားသမ္မတနိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ခရီးသွားရင်းမြစ်ဖြစ်ပြီး ခရီးသွားဧည့်သည် ၃.၇ သန်း (၂၆.၄ ရာခိုင်နှုန်း) ရှိကြောင်း၊ တရုတ်နိုင်ငံသည် ခရီးသွား ၃.၀ သန်း (၂၁.၃ ရာခိုင်နှုန်း) ဖြင့် ဒုတိယနေရာတွင် ရပ်တည်လျက်ရှိကြောင်း၊ ၎င်းနောက်တွင် ထိုင်ဝမ် (တရုတ်)၊ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ အိန္ဒိယ၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့မှ ဧည့်သည်များ လာရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ခရီးစဉ်အများစုသည် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်းရှိကြောင်း တွေ့ရှိရပြီး တရုတ်နိုင်ငံမှ ၁၃၀.၄ ရာခိုင်နှုန်း၊ ကိုရီးယားသမ္မတနိုင်ငံမှ ၂၈.၅ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၂၄.၈ ရာခိုင်နှုန်း၊ ထိုင်ဝမ်မှ ၅၉.၄ ရာခိုင်နှုန်း၊ အိန္ဒိယမှ ၂၉.၁ ရာခိုင်နှုန်း၊ ဩစတြေးလျမှ ၂၃.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ထိုင်းနိုင်ငံမှ လာရောက်လည်ပတ်သူ ၁၃.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
ဥရောပဈေးကွက်များတွင်လည်း အပြုသဘောဆောင်သော တိုးတက်မှုများကို တွေ့မြင်ရပြီး ယူကေ မှ ၂၀.၄ ရာခိုင်နှုန်း၊ ပြင်သစ်မှ (၃၀.၅ ရာခိုင်နှုန်း)နှင့် ဂျာမနီမှ (၂၃.၆ ရာခိုင်နှုန်း) ရှိပြီး အီတလီ (၅၄.၅ ရာခိုင်နှုန်း)၊ စပိန် (၂၃.၃ ရာခိုင်နှုန်း)၊ ရုရှား (၈၁.၅ ရာခိုင်နှုန်း)၊ ဒိန်းမတ် (၂၁.၇ ရာခိုင်နှုန်း)၊ နော်ဝေး (၁၆.၂ ရာခိုင်နှုန်း)နှင့် ဆွီဒင် (၂၄.၉ ရာခိုင်နှုန်း) တို့မှလည်း ခရီးသွားဧည့်သည်လာရောက်မှု တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါစျေးကွက်များသည် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်အကောင်အထည် ဖော်ခဲ့သည့် ၄၅ ရက်အထိ ဗီဇာကင်းလွတ်ခွင့်မူဝါဒမှ အကျိုးကျေးဇူးရရှိခဲ့ခြင်းဖြစ်ပြီး ပထမ ၁၀ လအတွင်း ခရီးသွားလုပ်ငန်းမှ ဝင်ငွေသည် ဗီယက်နမ်ဒေါင် ၆၉၀ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၇.၁၈ ဘီလီယံ) ရှိခဲ့ကြောင်း သိရှိရပါသည်။
Source: Vietnam News Agency
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့)