Vietnam

တရုတ်ဈေးကွက်ကို ဝင်ရောက်ရန် ချဉ်းကပ်မှုနည်းလမ်းသစ်များလိုအပ်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်များ တင်ပို့ရန်အတွက် အလားအလာရှိသော စျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသို့ တင်ပို့မှုမြှင့်တင်ရန်အတွက် ထုတ်လုပ် သူနှင့် တင်ပို့သူများအနေဖြင့် အတွေးအမြင်နဲ့ ချဉ်းကပ်မှုများ ပြောင်းလဲရန်လိုအပ်ကြောင်း ဒီဇင်ဘာ ၆ ရက်က ဟိုချီမင်းမြို့၌ ကျင်းပခဲ့သည့် ညီလာခံတွင် ကျွမ်းကျင်သူများက အလေးအနက်ထား ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ အစားအသောက် ဘေးကင်းလုံခြုံမှုဆိုင်ရာ အာဏာပိုင်များ (SPS Vietnam) က ကျင်းပသည့် အဆိုပါညီလာခံတွင် စီးပွားရေးလုပ်ငန်းများအတွက် သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ညီညွတ်မှုနှင့် သက်ဆိုင်သည့် စံနှုန်းများအား လမ်းညွှန်ပေးခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ အာရှ-အာဖရိက ဈေးကွက်ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ To Ngoc Son က တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ အရေးအကြီးဆုံး ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၇၅.၅ ဘီလီယံအထိ ရောက်ရှိခဲ့ပါကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်ပို့ကုန်တန်ဖိုး၏ ၂၄ % ရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ်တွင်လည်း တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန် အများအပြား တင်ပို့ရန်အတွက် အရေးကြီးသော ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပါကြောင်း၊ ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုစုစုပါင်းတန်ဖိုး၏ ၅၄ ရာခိုင်နှုန်း နီးပါးရှိကြောင်း သိရှိရပါသည်။

တစ်ချိန်တည်းတွင် ဗီယက်နမ်သည် တရုတ်နိုင်ငံ၏ ကုန်သွယ်ဖက်များထဲတွင် စတုတ္တအဆင့်နေရာတွင် ရပ်တည်လျက်ရှိပြီး၊ ၎င်း၏အဓိက ထုတ်ကုန်ဖြစ်သည့် လိုင်ချီးစ်၊ နဂါးမောက်သီးနှင့် သီဟိုဠ်စေ့များ ကဲ့သို့သော ကုန်ပစ္စည်းများကို အဓိက တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

Son ၏ အဆိုအရ ဗီယက်နမ် ဆန်တင်ပို့သူများသည် တရားဝင်မဟုတ်သော လမ်းကြောင်းများကို မှီခိုအားထားခြင်းကြောင့် တရုတ်ဈေးကွက်ကို အပြည့်အဝ သဘောမပေါက်သေးကြောင်း၊ အဆိုပါ တရားဝင်မဟုတ်သော ပို့ကုန်များအပေါ် တဖက်နိုင်ငံက ကန့်သတ်မှုများ ချမှတ်ခဲ့ပြီး တရားဝင် တင်ပို့မှုများကို ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် ဗီယက်နမ်ဘက်မှ တင်သွင်းသော စိုက်ပျိုးရေးထွက်ကုန်များအတွက် ပိုမိုတင်းကြပ်သော SPS များ ချမှတ်ခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ် လယ်ယာထွက်ကုန်များသည် ဒေသတွင်း အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်ရမှု ပိုမိုများပြားနေကြောင်း၊ ထို့ကြောင့် ထုတ်လုပ်သူများသည် ထုတ်ကုန်အရည်အသွေးကို သေချာအောင်ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပို့ကုန်လုပ်ငန်းရှင်များသည် တရားဝင်လမ်းကြောင်းများသို့ ကူးပြောင်းသင့်ကြောင်း၊ ဈေးကွက်လိုအပ်ချက်များအတိုင်း ထုတ်ကုန်များအားအဆင့်မြှင့်တင်ရန် SPS လိုအပ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ကြောင်း ပြောကြားပါသည်။

ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးနှင့် ရေထွက်ပစ္စည်း တင်ပို့ရောင်းသူများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံက ထုတ်ပြန်ခဲ့သော ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်ထုတ်လုပ်သူများ မှတ်ပုံတင်ခြင်းနှင့် အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်း ၂၄၈ နှင့် သွင်းကုန်ထုတ်ကုန်နှင့် ပတ်သက်သည့် စားသောက်ကုန်ဘေးကင်းရေး စီမံကွပ်ကဲမှုဆိုင်ရာ အမိန့်အမှတ် ၂၄၉ တို့ကို လိုက်နာရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးပစ္စည်းများ တရုတ်နိုင်ငံသို့ ဆက်လက် ကုန်သွယ်မှုပြုရာတွင် ဤအမိန့်ကို လိုက်နာရန် လိုအပ်ပါကြောင်း အကြုံပြု ပြောကြားထားသည်ကို ဖော်ပြထားပါသည်။

သို့ဖြစ်ရာ တရုတ်နိုင်ငံသို့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများအား ကုန်သွယ်မှု ဆောင်ရွက်လိုသူများအနေဖြင့် SPS အပါအဝင် တရုတ်နိုင်ငံမှ သတ်မှတ်သည့် အစားအစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ ခွဲခြားသတ်မှတ်သည့် အခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ရန် အရေးကြီးကြောင်း သုံးသပ်ရရှိပါ သည်။

 

 

Sources: VNA

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam