Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ e-commerce ခိုင်မာအားကောင်းလာစေရန် အင်တာနက်အရောင်း၊ အဝယ်ဆိုင်ရာဥပဒေ (Internet Transactions Act-ITA) အား သမ္မတမားကို့စ်မှ လက်မှတ်ရေးထိုးအတည်ပြု

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ e-commerce ကဏ္ဍခိုင်မာအားကောင်းလာစေရန်နှင့် အင်တာနက် အွန်လိုင်းများမှတစ်ဆင့်အရောင်း၊ အဝယ်များပြုလုပ်နေသည့် ကုန်သည်/စားသုံးသူများအား အကာအကွယ်ပေးနိုင်ရန်အတွက် အင်တာနက် အရောင်း၊အဝယ်ဆိုင်ရာဥပဒေ (Internet Transactions Act-ITA) အားသမ္မတမားကို့စ်မှ ၅-၁၂-၂၀၂၃ ရက်နေ့ကလက်မှတ်ရေးထိုး၍ အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ အဓိကအားဖြင့် နိုင်ငံတွင်း e-commerce ကဏ္ဍဖွံဖြိုးတိုးတက် စေရန်နှင့် e-commerce အရောင်း/အဝယ် ပြုလုပ်သည့် ရောင်းသူ/ဝယ်သူများအား အကာအကွယ် ပေးနိုင်ရန်အတွက် ယခုဥပဒေအသစ်အား ရေးဆွဲပြဋ္ဌာန်းရခြင်းဖြစ်ပါသည်။

ယနေ့ခေတ်အချိန်အခါတွင် အွန်လိုင်းမှ အရောင်း/အဝယ်ပြုလုပ်ခြင်းသည် နည်းလမ်းတစ်ခု အဖြစ်ပါဝင်လျက်ရှိသဖြင့် လုပ်ငန်းစဉ်တလျှောက်ပါဝင်ပက်သက်သူများအား အကာအကွယ်ပေးရေးမှာလည်း အရေးကြီးပါကြောင်း၊ ယခုဥပဒေသည် ဦးစားပေးအတည်ပြုပြဋ္ဌာန်းရမည့် ဥပဒေကြမ်းအခု(၂၀)ထဲမှတစ်ခုအပါအဝင်ဖြစ်သဖြင့် သမ္မတမားကို့စ်အား အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ကုန်သွယ်/စက်မှုဝန်ကြီးဌာနအနေဖြင့် စားသုံးသူများ၏ မညီမျှမှုများအတွက် ယခုဥပဒေအရ အကာအကွယ်ပေးသွားမည်ဖြစ်ပြီး e-commerce Burearu ကိုလည်း ဖွဲ့စည်းသွားရန် ရည်ရွယ်ထားပါကြောင်း၊ အဆိုပါအဖွဲ့ဖွဲ့စည်းရန်အတွက် လူစွမ်းအားအရင်းအမြစ်၊ ဘဏ္ဍာရေး လိုအပ်ချက်များရှိပါကြောင်းနှင့် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ လိုအပ်သည်များ ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။

ထို့ပြင် ကုန်သွယ်/စက်မှုဝန်ကြီးဌာနသည် e-commerce Bureau မှတစ်ဆင့် အွန်လိုင်းလုပ်ငန်းများဆိုင်ရာ Database များဖန်တီးပြီး အစိုးရနှင့်စားသုံးသူများမှ လိုအပ်သည့် သတင်းနှင့် အချက်အလက်များရရှိကာ အရောင်း/အဝယ်ပြုလုပ်နိုင်ရန် ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းထား ပါသည်။ e-commerce Bureau အနေဖြင့် ပုဂ္ဂလိကကဏ္ဍနှင့်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် စားသုံးသူများမှတိုင် ကြားလာသည့် အဆင်မပြေမှုများအား ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် အွန်လိုင်းမှတစ်ဆင့် လမ်းကြောင်းတလျှောက် စစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနသည် ဝက်ဘ်ဆိုက်များ၊ အွန်လိုင်းလုပ်ငန်းများ အပါအဝင် အမည်မည်းစာရင်းဝင်လုပ်ငန်းများ၏ လိမ်လည်ရောင်း/ဝယ်မှုများအပေါ် တရားဥပဒေကြောင်းအရ တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ပြီးအွန်လိုင်းမှရောင်း/ဝယ်သူများ၊ e-marketplace ၊ ဒီဂျစ်တယ် ပလက်ဖောင်းများမှတစ်ဆင့် ရောင်း/ဝယ်ပြုလုပ်သူများ၏ ရရန်ပိုင်ခွင့်များအပေါ် အကာအကွယ်ပေး သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသားများ၏ ဆိုက်ဘာဘေးကင်းလုံခြုံရေးအတွက် ပုဂ္ဂလိကကဏ္ဍမှလည်း တက်ကြွစွာပါဝင်သွားရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးမှ ညွှန်ကြားထားပါကြောင်း၊ MSMEs လုပ်ငန်းများ၊ လက်လီ/လက်ကားရောင်းချသူများ၊ ငွေကြေးဝန်ဆောင်မှုကုမ္ပဏီများ၊ ဆက်သွယ်ရေးလုပ်ငန်းများ၊ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီများ၊ ဒီဂျစ်တယ် ငွေပေးချေမှုအဖွဲ့အစည်းများ၊ ဘဏ်များ၊ လူမှုကွန်ယက်ပလက်ဖောင်းများ၊ e-marketplace များပါဝင်သည့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့် e-commerce စနစ်နှင့် လိုက်နာရမည့်စည်းမျဉ်း ဥပဒေများကို လေးစားလိုက်နာသွားရန်လိုအပ်ကြောင်း ဖော်ပြထားပါ သည်။

Foodpanda, Grab, Lalamove, Lazada, META(Facebook), Pick-a-Roo, PLDT, Shopee, Zalora, Union Bank, Fintech Alliance, Philippines Retailers Association, Supply Chain Management Association of the Philippines, UP Law Center, Research, Education and Institutional Development (REID) Foundation စသည့် အွန်လိုင်းလုပ်ငန်း များနှင့် သုတေသနအဖွဲ့အစည်းများ၊ Strengthening Private Enterprises for the Digital Economy (SPEED) Project , Support Program for National Development (RESPOND) တို့အောက်မှ ကူညီထောက်ပံ့ပေးနေ သောအဖွဲ့အစည်းများဖြစ်သည့် World Bank, USAID တို့မှလည်း စားသုံးသူနှင့် ကုန်သည်များအား အကာအကွယ်ပေးနိုင်သည့် ယခုအသစ်ပြဋ္ဌာန်း လိုက်သော ဥပဒေအား ကြိုဆိုပါကြောင်း ဖော်ပြထားပါသည်။

သမ္မတမားကို့စ်မှ အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များထဲမှ တစ်ခုဖြစ်သည့် ဒီဂျစ်တယ်နည်းပညာနှင့်အနာဂတ်အတွက်အသင့်ဖြစ်နေသော ဖိလစ်ပိုင် ဟူသော အစီအစဉ်ဖြစ်ပြီး အရည်အသွေးမြင့်မား၍ ပိုမိုကောင်းမွန်သည့် အလုပ်အကိုင်များ ဖန်တီးပေး နိုင်ရေး ရည်မှန်းချက်အား အကောင်အထည်ဖော်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတွင်း အွန်လိုင်း လုပ်ငန်းများနှင့် e-commerce ကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် ယခုဥပဒေပြဋ္ဌာန်း လိုက်ခြင်းအပေါ်ယုံကြည်မှု အပြည့်ရှိပါကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် အွန်လိုင်းမှ အရောင်း/အဝယ် ပြုလုပ်သည့် လုပ်ငန်းများ အများအပြား ရှိပြီး ထိုမှတစ်ဆင့်ဝယ်ယူသူ/စားသုံးသူ အမြောက်အများရှိပါကြောင်း၊ ထို့အတွက် ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်း လိုက်ခြင်းဖြင့်စားသုံးသူများရင်ဆိုင်ကြုံတွေ့နေရသည့် မညီမျှမှုများ၊ အမှားအယွင်းများအတွက်များစွာ အကာအကွယ်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း၊ နေ့စဉ်စားသုံးသည့် အစားအစာများ၊ သုံးစွဲသည့် တစ်ကိုယ်ရည်သုံးပစ္စည်းများအပါအဝင် တနေ့တာအတွက် အခြေခံ လိုအပ်သည့်ကုန်ပစ္စည်းအများစုမှာ အွန်လိုင်းမှတစ်ဆင့်သာရောင်း/ဝယ်မှုများ ပြုလုပ်လေ့ရှိပြီး အွန်လိုင်းပလက်ဖောင်းသုံးစွဲမှုများပြားသည့် နိုင်ငံတစ်ခုအနေဖြင့် ယခုဥပဒေက များစွာထိရောက် အသုံးဝင်နိုင်မည်ဖြစ်ကြောင်းလေ့လာသုံးသပ်ရပါသည်။   

 

 

 

Source; https://www.dti.gov.ph/news/president-marcos-signs-internet-transactions-act-ita-law-strengthen-e-commerce-ph/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines