Phillippines

ဖိလစ်ပိုင်-ဂျပန်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် ပြန်လည်အသက်ဝင်ရေး အမြန်ဆုံးလေ့လာသုံးသပ်သွားမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ၂၀၀၈ ခုနှစ်ကတည်းကလက်မှတ်ရေးထိုးခဲ့သည့် Philippines-Japan Economic Partnership Agreement (PJEPA) အား ပြန်လည်အသက်ဝင်ရေးညှိနှိုင်းသုံးသပ်သည့် လုပ်ငန်းစဉ်အား အမြန်ဆုံးနှင့်အချောမွေ့ဆုံးဖြစ်စေရန် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်ဖက်အဖွဲ့အစည်းများမှတာဝန်ရှိသူများကြားညှိနှိုင်းဆွေးနွေးရာတွင် ကုန်သွယ်မှုဆန်းစစ်ချက်အရ အကျိုးအမြတ်ဆိုင်ရာနှင့် မပြီးပြတ်သေးသည့်ကိစ္စရပ်များပါဝင်ပြီး ခြုံငုံစစ်ဆေးလျက်ရှိကြောင်း ၅-၁-၂၀၂၄ နေ့ မီဒီယာများနှင့် တွေ့ဆုံစဉ် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံသို့ ဈေးကွက်ချဲ့ထွင်နိုင်ရန်နှင့် ကုန်စည်အမယ်များ ထပ်တိုးတင်ပို့နိုင်ရန်မျှော်လင့်ပါကြောင်းနှင့် ထို့အတွက်လည်း နှစ်နိုင်ငံဆက်ဆံရေးအား အမြန်ဆုံးပြန်လည်အသက်သွင်းရေးကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်းဖော်ပြထားပါသည်။ ‌ဖိလစ်ပိုင်နိုင်ငံ ထုတ်ကုန်ပစ္စည်းများ ဂျပန်နိုင်ငံဈေးကွက်သို့တိုးမြှင့်တင်ပို့နိုင်ရန်နှင့် အကောက်ခွန်နှုန်းထားများ လျှော့ချပေးရန်၊ ဖြစ်နိုင်လျှင် ၀% အကောက်ခွန်နှုန်း ဖြင့် တင်ပို့ခွင့်ရရှိရေးမျှော်လင့်ပါကြောင်း၊ သို့သော် အဆိုပါအချက်သည် နှစ်နှစ်နိုင်ငံကြားညှိနှိုင်းချက်အပေါ် မူတည်သွားမည်ဖြစ်ကြောင်း၊ ကုန်ချမည့်ဆိပ်ကမ်းနေရာ၊ အချိန်ကာလသတ်မှတ်ချက်၊ ပို့ကုန်ပစ္စည်းများပေါ်မူတည်ပြီး အခွန်နှုန်းထားသည် ပြောင်းလဲသွားမည်ဖြစ်ပြီး အနည်းဆုံးသောနှုန်းထားဖြစ်စေရန်မျှော်လင့်ကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ အဓိကဦးစားပေးတင်ပို့လိုသည်မှာ ဌက်ပျောသီးနှင့် အခြားရာသီပေါ်သီးနှံများဖြစ်ပြီး ဈေးကွက်ချိတ်ဆက်မှုရလိုပါကြောင်း၊ စိုက်ပျိုးတင်ပို့လိုသူများမှလည်း နှစ်ဖက်ညှိနှိုင်းဆွေးနွေးချက်များအပေါ် ရလဒ်ကောင်းများရရှိမည်ဟု ယုံကြည်ပါကြောင်း၊ တင်ပြသည့်နေ့ထိဖိလစ်ပိုင်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ရာသီပေါ်သီးနှံများတင်ပို့ခြင်းအတွက် အခွန်ပေးဆောင်နေရပြီးဌက်ပျောသီးတင်ပို့မှုအတွက်ဆောင်းရာသီကာလတွင် ၁၈% နှင့်နွေရာသီကာလတွင် ၈ % ပေးဆောင်နေရပါသည်။

ဂျပန်နည်းတူ တောင်ကိုရီးယားနိုင်ငံမှလည်း ဖိလစ်ပိုင်နိုင်ငံသို့ မော်တော်ယာဉ်တင်သွင်းလိုသဖြင့် လတ်တလောတွင် လက်မှတ်ရေးထိုးခဲ့သည့် ဖိလစ်ပိုင်-ကိုရီးယားလွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်စာချုပ်အရ ဂျပန်နိုင်ငံမှလည်း ဖိလစ်ပိုင်နိုင်ငံသို့ မော်တော်ယာဉ်တင်ပို့ခြင်းအတွက် အမြန်ဆုံးဆွေးနွေးညှိနှိုင်းလိုခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

လက်ရှိတွင်ဖိလစ်ပိုင်နိုင်ငံတော်သို့ အင်ဂျင်ပါဝါ ၃၀၀၀ CC နှင့်အထက် မော်ဒယ်လ်မြင့် မော်တော်ယာဉ်တင်သွင်းခြင်းအတွက် အခွန် (၀%)ဖြစ်ပြီး အင်ဂျင်ပါဝါ ၃၀၀၀ CC နှင့်အထက် အခွန် (၂၀%) ဖြစ်ပါကြောင်း၊ ထို့ပြင် ဂျပန်နိုင်ငံအနေဖြင့် ဖိလစ်ပိုင်နိုင်ငံနှင့် e-commerce နှင့် Digital Trade တို့တွင် ပူးပေါင်းဆောင်ရွက်ရန်စိတ်ဝင်စားလျက်ရှိကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုများသည် နှစ်ဖက်အဖွဲ့အစည်းများ၏ အခြေအနေပေါ်တွင်မူတည်မည်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည့်အပေါ် တိကျရှင်းလင်းသောမူဝါဒများ ရှိထားပြီးဖြစ်ပြီး စိတ်ဝင် စားမှုရှိကြောင်း ဖော်ပြပါရှိပါသည်။

EU GSP+

အီးယူနှင့်လွတ်လပ်သောကုန်သွယ်ရေးသဘောတူညီချက်အတွက်ညှိနှိုင်းမှုများဆောင်ရွက်လျက်ရှိပြီး ယခုနှစ်ပထမ (၃) လပတ်ကာလအတွင်း အတည်ပြုဆုံးဖြတ်နိုင်ရန် မျှော်မှန်းထားပါကြောင်း၊  သို့သော် အီးယူနှင့်လက်ရှိအခြားနိုင်ငံများကြား FTA များမှာ အစိုးရဝယ်ယူရေးဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်း၍ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့သာ ပါဝင်သည့်အတွက် ဖိလစ်ပိုင်နိုင်ငံ၏ လက်ရှိ FTA  များအပေါ် လွှမ်းခြုံနိုင်မှုမရှိပါကြောင်း၊ ဖိလစ် ပိုင်ဘက်မှ အဆိုပါအချက်အပေါ် အီးယူအနေဖြင့် ညှိနှိုင်းပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံ၏လက်ရှိအခြေအနေနှင့်အခက်အခဲများကိုလည်း အီးယူထံသို့တင်ပြထားပြီးဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နှင့်အီးယူ FTA သည် ၂၀၁၅ ခုကစတင်ခဲ့ခြင်းဖြစ်ပြီး မူပိုင်ခွင့်ကိစ္စရပ်အပေါ် အငြင်းပွားမှုများရှိခဲ့သဖြင့်ခေတ္တဆိုင်းငံ့ခဲ့ရာမှ ၃၁-၇-၂၀၂၃ ရက်နေ့တွင် သမ္မတမားကို့စ်နှင့်ဥရောပ ကော်မရှင် ဥက္ကဋ္ဌ နှင့်တွေ့ဆုံရာမှ FTA အပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် အီးယူသို့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကုန်စည်နှင့်ဝန်ဆောင်မှုများအပါအဝင် အီးယူမှစိတ်ပါဝင်စားသည့် ကုန်ပစ္စည်းများတင်ပို့ခြင်းအတွက် အခွန်ကင်းလွတ်ခွင့်(၀%)ရရှိလိုကြောင်း၊ အထူးသဖြင့် အီလက်ထရောနစ် မော်တော်ယာဉ်များနှင့် ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာကဏ္ဍများအတွက် ရလိုခြင်းဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လက ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ပြောကြားခဲ့ပါသည်။

၂၀၁၄ ခုနှစ်မှစတင်၍ ဖိလစ်ပိုင်နိုင်ငံသည် EU GSP+ Scheme အားသဘောတူညီခဲ့ပြီး အဆိုပါအစီအစဉ်အောက်မှကုန်စည်လိုင်း ၆,၀၀၀ ကျော်အတွက် ပို့ကုန်ခွန်ကင်းလွတ်ခွင့်ရရှိထားပြီး ၃၁-၁၂-၂၀၂၃ ရက်နေ့တွင် သက်တမ်းကုန်ဆုံးခဲ့သဖြင့် နောက်ထပ် (၄)နှစ်သက်တမ်းတိုးရရှိ ရန် ညှိနှိုင်းလျက်ရှိပါသည်။

US GSP+

US GSP+ Program နှင့်စပ်လျဉ်း၍ အမေရိကန်နိုင်ငံရှိလုပ်ငန်းရှင်များနှင့် ပါဝင်သည့် အဖွဲ့အစည်းများမှ သဘောတူညီချက်အပေါ် ပြန်လည်ညှိနှိုင်းစေရန် လှုံဆော်အားပေးလျက်ရှိပြီး အဆိုပါ အစီအစဉ်အား ဆက်လက်အကောင်အထည်ဖော်နိုင်ပါက များစွာအကျိုးအမြတ်ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး စုစုပေါင်းပို့ကုန်ပမာဏ၏ ၁၅.၄% ပါဝင်သည့် အကြီးဆုံး ပို့ကုန်ဈေးကွက်တစ်ခုဖြစ်ပါသည်။

ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး၏ ပြောကြားချက်အရ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီအနေဖြင့် ၎င်းတို့၏ အဓိကအရေးကြီးပုဂ္ဂိုလ်များထံမှ ထောက်ခံချက်များရရှိရန်လိုအပ်နေပါကြောင်း၊ အမေရိကန်နှင့် Bilateral FTA ဖြင့်ဆောင်ရွက် လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံအနေဖြင့် upper middle country  များအတွက် သတ်မှတ်ထားသည့် အမြင့်ဆုံးဂျီဒီပီတန်ဖိုးသို့ ရောက်ရှိနေသဖြင့် GSP+ Program အား ရရှိရန် အရည်အချင်းကိုက်ညီ ခြင်းမရှိနေပါကြောင်း ဖော်ပြထားပါသည်။

၂၀၁၆ ခုနှစ်၊ US GSP+ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းသည် ကုန်သွယ်မှုမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဖြစ်ပြီး အမေရိကန်နိုင်ငံ၏ စုစုပေါင်းကုန်စည်လိုင်း ၁၀,၆၀၀ ၏ ၄၇.၇% ဖြစ်သော ကုန်စည်လိုင်း ၅,၀၅၇ အတွက် အခွန်ကင်းလွတ်ခွင့်ရရှိခဲ့ပြီး ကုန်စည်လိုင်း ၃,၅၀၀ မှာ အကျိုးခံစားခွင့်ရရှိထားသည့် နိုင်ငံတိုင်းအတွက် အကျုံးဝင်ပြီး ကုန်စည်လိုင်း ၁,၅၀၀ အား ဝင်ငွေနည်းပါးသည့် နိုင်ငံများ (LDC) နိုင်ငံများအတွက် ထပ်မံထည့်သွင်းပေးထားကြောင်း ဖော်ပြပါရှိပါသည်။

 

 

 

Source; https://mb.com.ph/2024/1/9/dti-pushing-fasttracking-of-pjepa-renewal

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

 

           

 

Category: Phillippines