China (HongKong)

အကောက်ခွန်ရှင်းလင်းရေး အစီအစဉ်သစ်တစ်ခု စတင်လိုက်သည့် ဟောင်ကောင်ဒေသ

Last Updated:

ကွမ်တုံ၊ ဟောင်ကောင်နှင့် မကာအိုဒေသ အကောက်ခွန်ရုံးများ၌ အကြိမ်ကြိမ် စစ်ဆေးမှုများကို ရှောင်ရှားနိုင်ရန်အတွက် အကောက်ခွန်စစ်ရေးစနစ်သစ်တစ်ခု စတင်သည့် အခမ်းအနားသို့ ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Algernon Yau တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း “Cargo clearance scheme launched” ခေါင်းစဉ်ဖြင့် ဟောင်ကောင်ဒေသအစိုးရ၏ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

‌ကွမ်တုံ၊ ဟောင်ကောင်နှင့် မကာအို Three-Places-One-Lock အစီအစဉ်အရ အဆိုပါ ဒေသသုံးခုမှ အကောက်ခွန်တာဝန်ရှိသူများသည် e-locks နှင့် GPS technology တို့ကို အသုံးပြု၍ ပထမဆုံး ကုန်စည်စစ်ဆေးမှုအဖြစ် အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခဲ့သည့် လွှဲပြောင်းတင်ဆောင်သည့် ကုန်စည် (transshipment cargo) ကို DHL Central Asia Hub (CAH) မှ ဟောင်ကောင်-ကျူးဟိုင်-မကာအိုတံတား ဟောင်ကောင်ဆိပ်ကမ်းမှတစ်ဆင့် မကာအိုဒေသသို့ ပို့ဆောင်ပြီးဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုအစီအစဉ်အနေဖြင့် နိုင်ငံအနှံ့အပြားတွင် အကောက်ခွန်ရှင်းလင်းရေးရုံးများ ပိုမိုတည်ဆောက်သွားနိုင်သည်အထိ တိုးတက်သွားရန် မျှော်လင့်ကြောင်းနှင့် သယ်ယူပို့ဆောင်ရေး ကွန်ရက်နှင့်ဆက်စပ်သည့် ကုန်သွယ်မှု လွယ်ကူချောမွေ့ရေးဆိုင်ရာ ကိစ္စရပ်များ ပိုမိုကောင်းမွန်လာရန် မျှော်လင့်ကြောင်း DHL Central Asia Hub (CAH) တွင်ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် မစ္စတာ Yau က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ယခုစတင်သည့် အစီအစဉ်သည် ကွမ်တုန်၊ မကာအိုနှင့် ဟောင်ကောင်ဒေသများကို ချိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ မဟာပင်လယ်ကွေ့ဒေသ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြင့်တက်လာမှုနှင့်အတူ အကောက်ခွန်ရှင်းလင်းသည့် “green lane” အသစ်ကြောင့် ကုန်စည်များ အကောက်ခွန်ရှင်းလင်းရာတွင် ထိရောက်မှုရှိပြီး၊ ဒေသသုံးခုရှိ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများအတွက် အကန့်အသတ်မဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း စတင်လိုက်ခြင်းဖြစ်ကြောင်း၊ အလားတူ အကောက်ခွန်အစီအစဉ်သစ်ကြောင့် ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လွယ်ကူချောမွေ့စေမည်ဖြစ်ပြီး၊ ဟောင်ကောင်ဒေသ၏ အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး အချက်အချာဒေသတစ်ခုအဖြစ် ရပ်တည်မှုကို ခိုင်မာစေမည်ဖြစ်ကြောင်း စသည်ဖြင့်  ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)