Korea

တောင်ကိုရီးယားနိုင်ငံရှိ သက်ကြီးရွယ်အိုများ၏ ၄၀ ရာခိုင်နှုန်းနီးပါးသည် ဆင်းရဲသည့်အခြေအနေတွင်ရှိနေဆဲဖြစ်သည်

Last Updated:

တောင်ကိုရီးယားနိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများသည် ကျန်းမာရေးစောင့်ရှောက်မှုရရှိရန် အခွင့်အလမ်း လျော့နည်းလာခြင်းကဲ့သို့သော အမျိုးမျိုးသော ပြဿနာများအပေါ် စိုးရိမ်ရမှု မြင့်မားလာခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း သက်ကြီးရွယ်အိုများ၏ နှိုင်းယှဉ်ထားသော ဆင်းရဲမွဲတေမှုနှုန်း (Relative Poverty Rate) သည် ၂၀၂၁ ခုနှစ်ကထက် ၀.၅ ရာခိုင်နှုန်း မြင့်မားခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာနက ၁၁-၃-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြထားပါသည်။

Relative Poverty Rate ဆိုသည်မှာ အလယ်အလတ်တန်းဝင်ငွေ၏ ၅၀ ရာခိုင်နှုန်းအောက်လျော့နည်းသည့် ဝင်ငွေရရှိသော လူတန်းစားများအချိုးကို ဆိုလိုခြင်းဖြစ်ပါသည်။ Relative Poverty Rate သည် ကျား/မ အပေါ်မူတည်၍လည်း ကွဲပြားပါသည်။ အထူးသဖြင့် OECD နိုင်ငံများတွင် အမျိုးသမီးများသည် အမျိုးသားများထက် ဆင်းရဲမှုကို ရင်ဆိုင်ရလေ့ရှိကြပါသည်။ ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံတွင်လည်း ၆၅ နှစ်နှင့်အထက် သက်ကြီးအမျိုးသမီးများ၏ ဆင်းရဲမှုနှုန်းသည် ၄၃.၄ ရာခိုင်နှုန်း ရှိနေပြီး အလားတူအသက်ရှိ အမျိုးသားများ၏ ဆင်းရဲမှုနှုန်းသည် ၃၁.၂ ရာခိုင်နှုန်း ရှိပါသည်။

တောင်ကိုရီးယားနိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်နှင့် အထက် သက်ကြီးရွယ်အိုများ ဆင်းရဲမှုနှုန်းသည် ၂၀၁၁ ခုနှစ်တွင် ၄၃.၄ ရာခိုင်နှုန်းအထိ ရှိနေခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ၄၀ ရာခိုင်နှုန်းအောက် စတင်ရောက်ရှိ ကျဆင်းခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ၃၇.၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ၃၈.၁ ရာခိုင်နှုန်းအထိ ၀.၅ ရာခိုင်နှုန်း ပြန်လည် မြင့်မားလာခဲ့ပါသည်။ OECD ၏ စာရင်းများအရ ၂၀၂၀ ပြည့်နှစ်တွင် တောင်ကိုရီးယားနိုင်ငံရှိ အသက် ၆၆ နှစ်နှင့် အထက် လူကြီးများ၏ Relative Poverty Rate သည် ၄၀.၄ ရာခိုင်နှုန်း ရှိခဲ့သော်လည်း အခြားသော OECD နိုင်ငံများတွင် အလားတူအသက်အရွယ်များ၏ ပျမ်းမျှ Relative Poverty Rate သည် ၁၄.၂ ရာခိုင်နှုန်းသာရှိခဲ့ပါသည်။

 

 

Source: https://www.koreatimes.co.kr/www2/common/viewpage.asp?newsIdx=370392&categoryCode=281

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea