Germany

ဂျာမနီတွင် ဇန်နဝါရီလ၌ ပို့ကုန်တင်ပို့မှု မြင့်တက်လာသည်ကို တွေ့ရ

Last Updated:

ဂျာမန်ကုမ္ပဏီများ၏ ဇန်နဝါရီလအတွင်း တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ၆.၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း Federal Statistical Office (Destatis) က ၆-၃-၂၀၂၄ ရက်တွင် ပြောကြားခဲ့သည်။

ကုန်သွယ်မှု မြင့်တက်လာခြင်းသည် မကြာသေးမီ လေးလပတ်များအတွင်း စီးပွားရေးတုံ့ဆိုင်းမှုနှင့် ကျဆင်းမှုတို့အကြား ရပ်တန့်သွားခဲ့သော ဂျာမနီစီးပွားရေးအတွက် ရှားရှားပါးပါး သတင်းကောင်းတစ်ခုဖြစ်ပါသည်။

ပို့ကုန်တန်ဖိုးသည် ယခုနှစ်ပထမလတွင် ယူရို (၁၃၅.၆) ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၇.၃ ဘီလီယံ) အထိ မြင့်တက်လာခဲ့ရာ ယင်းမြင့်တက်မှုသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ထက်တစ်နှစ် ၀.၃ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရသည်။

ဂျာမနီမှ တရုတ်နိုင်ငံသို့ တင်ပို့မှုတန်ဖိုးမှာ ယူရို (၈.၁) ဘီလီယံအထိ တိုးလာခဲ့သဖြင့် ယခင်နှစ်ကထက် ၇.၈ ရာခိုင်နှုန်း တိုးတက်လာသည်ကို တွေ့ရှိရပြီး၊ ဂျာမနီ၏ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုမှာ ယူရို ၁၂.၅ ဘီလီယံသာရှိရာ ယခင်နှစ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်းခန့် ကျဆင်းသွားသည်ကို တွေ့ရှိနိုင်ပေသည်။

ဂျာမနီအနေဖြင့် ယူရို (၇၅.၈) ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့ခဲ့ပြီး၊ ယူရို (၆၁.၂) ဘီလီယံ တန်ဖိုးရှိ ကုန်ပစ္စည်းများကို အစုအဖွဲ့နိုင်ငံများမှ တင်သွင်းခဲ့သည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလနှင့် နှိုင်းယှဉ်ပါက အီးယူနိုင်ငံများသို့ ပြက္ခဒိန်နှစ်အလိုက်နှင့် ရာသီအလိုက်ချိန်ညှိ၍ တင်ပို့လျက်ရှိသော ပို့ကုန်တန်ဖိုးတွင် ၈.၉ ရာခိုင်နှုန်း တိုးလာပြီး၊ သွင်းကုန်တွင် ၁၀.၈ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရှိရပါသည်။

ဗြိတိန်သို့တင်ပို့မှုမှာ ၈.၁ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သဖြင့် တန်ဖိုးအားဖြင့် ယူရို (၆.၈) ဘီလီယံသို့ ကျဆင်းခဲ့ကာ အလားတူကာလအတွင်း ဗြိတိန်မှ တင်သွင်းမှုမှာမူ ၁၈.၄ ရာခိုင်နှုန်း၊ ယူရို (၃.၁) ဘီလီယံအထိ မြင့်တက်လာခဲ့ပါသည်။

ယမန်နှစ် (၂၀၂၃ ခုနှစ်) တွင် ယင်း၏ရှေ့နှစ် (၂၀၂၂) ခုနှစ်နှင့် နှိုင်းယှဉ်ပါက စုစုပေါင်း ပို့ကုန် ၁.၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ရာ ယင်းသို့ကျဆင်းရခြင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားပြီး ပထဝီနိုင်ငံရေးအရ ဆုံးရှံးနိုင်ခြေများရှိနေသောကြောင့် ပြည်ပမှဝယ်လိုအား နည်းပါးရခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ယူဆခဲ့ကြကြောင်း ဖော်ပြထားပါသည်။ တရုတ်နိုင်ငံကဲ့သို့သော ကမ္ဘာ့စျေးကွက်များမှ ဝယ်လိုအားကျဆင်းခဲ့ခြင်းသည် တစ်ချိန်ကတင်သွင်းခဲ့ဖူးသည့် ကုန်ပစ္စည်းများကို ၎င်းတို့နိုင်ငံအတွင်း တိုးမြှင့်ထုတ်လုပ်လာနေခြင်းကြောင့်ဖြစ်ရာ ယင်းအချက်သည် ဂျာမန်ပို့ကုန်တင်ပို့မှု ပြန်လည်နာလန်ထူလာရေးအတွက် အတားအဆီးများထဲမှတစ်ခု ဖြစ်လာခဲ့သည်။

ရုရှားမှ စျေးသက်သာသော ဓာတ်ငွေ့တင်သွင်းမှုများ ဆုံးရှုံးခဲ့ခြင်းကြောင့် ဂျာမနီ၏ ကြီးမားသော စက်မှုကဏ္ဍတွင်လည်း ဆုံးရှုံးနစ်နာမှုများ ကြုံတွေ့ခဲ့ရသည်။ တစ်ချိန်တည်းတွင် ငွေကြေးဖောင်းပွမှုကို စနစ်တကျ ထိန်းညှိရန် ကြိုးပမ်းသည့်အနေဖြင့် ဥရောပဗဟိုဘဏ်မှ အတိုးနှုန်းများ တိုးမြှင့်လိုက်ခြင်းကလည်း ရင်းနှီးမြှုပ်နှံမှုကို အဟန့်အတား ဖြစ်စေခဲ့သည်။ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် ၀ယ်လိုအား လျော့ကျသွားခြင်းတို့သည် ပြည်တွင်းဝယ်လို အားကျဆင်းမှုကိုလည်း ဦးတည်စေခဲ့သည့် အတားအဆီးတစ်ခုဖြစ်ခဲ့ကြောင်း သက်သေပြခဲ့ပြီးဖြစ်သည်။

ဂျာမန်အစိုးရအဖွဲ့သည် ဂျာမန်စီးပွားရေး တိုးတက်မှုနှုန်းကို ယခင်ခန့်မှန်းချက်ဖြစ်သော ၁.၃ ရာခိုင် နှုန်းမှ ၀.၂ရာခိုင်နှုန်းသို့ ပြီးခဲ့သည့်လက လျှော့ချခဲ့ကြောင်း သိရှိရပါသည်။

 

 

Source:         https://www.dw.com/en/germany-sees-welcome-jump-in-exports-for-january/a-68450350

(ဒေါ်သန္တာစော၊စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany