Germany

အလုပ်သမား အကျပ်အတည်းသည် ဂျာမနီ၏ စီးပွားရေးအား တစ်ချိန်ချိန်တွင် အကြီးအကျယ် ဒုက္ခပေးနိုင်

Last Updated:

ဥရောပ၏အကြီးဆုံးစီးပွားရေးအချက်အချာဖြစ်သော ဂျာမနီတွင် ကျွမ်းကျင်အလုပ်သမားရှားပါးမှုကြောင့် တစ်ချိန်ချိန်တွင် အခက်အခဲကြုံတွေ့လာနိုင်ကြောင်း ဂျာမန်ကုမ္ပဏီများက သတိပေးလာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပါသည်။

ကုန်လွန်ခဲ့သော အချိန်ကာလများကတည်းကပင် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဝေဖန်ဆွေးနွေးခဲ့ ကြပြီးဖြစ်သော်လည်း မကြာမီကာလများအတွင်း ဆွေးနွေးမှုများ ပိုမိုပြင်းထန်လာခဲ့သည်။ ကဏ္ဍပေါင်းစုံမှကုမ္ပဏီများက ၎င်းတို့လိုအပ်သောအလုပ်သမားများ ရှာဖွေရရှိနိုင်ရေးအတွက် ရုန်းကန်နေကြရကြောင်းနှင့် အခြေအနေမှာ တဖြည်းဖြည်း ဆိုးရွားလာကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသည်။

လူဝင်မှုကြီးကြပ်ရေးကဏ္ဍသည် အဆိုပါပြဿနာကို ဖြေရှင်းရန်နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်ဟု ဂျာမန်အစိုးရအနေဖြင့်ယူဆထားသည်။ ထို့ကြောင့်လည်း  နိုင်ငံရပ်ခြားမှ လာရောက်ကြမည့် အလုပ်သမားများအတွက် ဂျာမနီသည် ဆွဲဆောင်မှုရှိသောနေရာတစ်ခု ဖြစ်နေစေရေးအတွက် ကျယ်ပြန့်သော လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဥပဒေကို လာမည့်သီတင်းပတ်များအတွင်း အတည်ပြုနိုင်ရန် မျှော်လင့်ထားပါသည်။

အလုပ်သမားဝန်ကြီး Hubertus Heil က ၎င်းတို့အနေဖြင့် ယခုအချိန်တွင် မည်သည့်အရာကိုမျှ ဆောင်ရွက်ခဲ့ခြင်းမရှိလျှင် ဂျာမနီတွင် ၂၀၃၅ ခုနှစ်၌ အလုပ်သမားဦးရေ (၇) သန်းခန့် လစ်လပ်လိုအပ်သွားလိမ့်မည်ဟု Financial Times သို့ ပြောကြားခဲ့သည်။ ထို့ပြင် အဆိုပါ အလုပ်သမားရှားပါးမှု ပြဿနာကို ယခုအချိန်မှစတင်၍ မဖြေရှင်းနိုင်ပါက ယင်းအလုပ်သမားပြတ်လပ်မှုသည် ဂျာမနီ၏ စီးပွားရေးတိုးတက်မှုကို တဖြည်းဖြည်းကျဆင်းသွားစေလိမ့်မည်ဟု စီးပွားရေး ခေါင်းဆောင်ကြီးများ၏ ယုံကြည်ချက်ကိုပါ ၎င်းက မျှဝေထားပါသည်။

အဆိုပါ အလုပ်သမားပြဿနာသည် စက်မှုလုပ်ငန်းများတွင် အလွန်သိသာထင်ရှားနေပြီဖြစ်ပါသည်။

ဂျာမနီရှိ မော်တော်ကားထုတ်လုပ်သောစက်ရုံများမှ ကုမ္ပဏီများတွင် ကျွမ်းကျင်လုပ်သားများ လိုအပ်မှုရှိနေခြင်းသည် ၎င်းတို့ရင်ဆိုင်နေရသော အဓိကကျသည့် စိန်ခေါ်မှုများထဲမှ တစ်ခုဖြစ် သည်ဟု German Automotive Industry (VDA) မှ Andreas Rade မှ DW သို့ပြောကြားခဲ့သည်။ မော်တော်ယာဉ် တင်သွင်းသူများ၏ မကြာသေးမီက ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုအရလည်း ကုမ္ပဏီစုစုပေါင်း၏ လေးပုံသုံးပုံကျော်မှာ လက်ရှိတွင် လုပ်သားရှားပါးမှုပြသနာကို အပြင်းအထန်ရင်ဆိုင်နေရကြောင်း  ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံ၏ကြီးမားသော ပို့ကုန် ဈေးကွက်ကို ကာလရှည်ကြာ ဦးဆောင်လာခဲ့သည့် ဂျာမန်စက်မှုစွမ်းအားအင်ဂျင်နီယာကဏ္ဍတွင်လည်း အလားတူပုံရိပ် ဖြစ်ပေါ်လျက်ရှိသည်။

အလုပ်သမားရှားပါးမှုမှာ ၂၀၂၁ ခုနှစ်ကတည်းကပင် တဖြည်းဖြည်း ဆိုးရွားလာခဲ့ကြောင်း VDMA ကုန်သွယ်ရေးအဖွဲ့မှ ThiloBrodtmann က DW သို့ ပြောကြားခဲ့သည်။ Automotive ကဏ္ဍ အတွင်းရှိ ကုမ္ပဏီစုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော်တွင် အလုပ်သမားရှားပါးပြတ်လပ်မှုများ ဆိုးရွားစွာရှိနေကြောင်းနှင့် ၂၀၂၃ ခုနှစ် ကာလတစ်လျှောက်လုံးတွင် ပိုမိုဆိုးရွားလာမည်ဟု မျှော်လင့်ရကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ အကျိုးဆက်မှာ ရှင်းလင်းမြင်သာနေပါကြောင်းနှင့် ယင်းသို့ကျွမ်းကျင်လုပ်သားရှားပါးမှုသည် ဂျာမနီ၏ စီးပွားရေးတိုးတက်မှုကို နှောင့်နှေးစေမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

ကျွမ်းကျင်လုပ်သားရှားပါးမှုသည် ကဏ္ဍအလိုက် ရင်ဆိုင်နေရသော အကြီးမားဆုံး သို့မဟုတ် ဒုတိယအကြီးဆုံးပြဿနာဖြစ်ပြီး ကုန်ကြမ်းမှသည် ကုန်ချောအဖြစ် နောက်ဆုံးဝယ်သူလက်ထဲ ရောက်ရှိသည်အထိ အခက်အခဲများစွာနှင့် ယှဉ်တွဲနေသည်ကို  အပြည့်အဝနီးပါး သဘောတူလက်ခံထားကြသော ဂျာမန်စီးပွားရေး၏ အဓိကကဏ္ဍအသီးသီးမှ ကုမ္ပဏီများနှင့် ကုန်သွယ်မှု အဖွဲ့များထံ  DW က ချဉ်းကပ်လေ့လာခဲ့သည်။

ဂျာမန်ဒစ်ဂျစ်တယ်ကဏ္ဍ၏ ကုန်သွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သော ZVEI မှ Sabrina Pfeifer က DW သို့ ပြောကြားခဲ့ရာတွင် လူ့အဖွဲ့အစည်းသည် မတည်ငြိမ်သည့် အနေအထားတွင် ရှိနေကြောင်း၊ လာမည့်နှစ်များအတွင်း baby boomer မျိုးဆက်များ အစုအဝေးဖြင့် အငြိမ်းစား ယူသွားမည့်ကိစ္စမှာ  အုံကြွမှုတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။ ဒစ်ဂျစ်တယ်နှင့် လျှပ်စစ်ကဏ္ဍများရှိ ကုမ္ပဏီများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် အလုပ်နေရာ လစ်လပ်သွားမှုများအား ပြန်လည်ဖြည့်တင်းရာတွင် ပြဿနာများကြုံတွေ့နေကြရသည်ဖြစ်ရာ အထူးသဖြင့် semiconductor စက်ရုံမှာမူ အပြင်းအထန် ထိခိုက်ရသည်ဟု သူမကပြောကြားခဲ့ပါသည်။

ကျွမ်းကျင်လုပ်သားရှားပါးပြတ်လပ်မှုသည် ဂျာမနီ၏ရည်မှန်းချက်ဖြစ်သော ပိုမိုကောင်းမွန်သည့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဆန်းသစ်တီထွင်မှုများပြုလုပ်မည့်ကိစ္စအပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်ကြောင်း optics၊ photonics နှင့် medical technology တို့၏ Innovation Sector များမှ ဂျာမန်ကုမ္ပဏီများကို ကိုယ်စားပြုသော German Industrial Association of SMEs (Spectaris)မှ Jörg Mayer က ပြောကြားခဲ့သည်။

Jörg Mayer က ၎င်းတို့၌ ကြီးမားသောပြသနာတစ်ခုရှိကြောင်း၊ ယင်းမှာ သင့်လျော်သော ဝန်ထမ်းမရှိခြင်းသည် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဆန်းသစ်တီထွင်မှုတို့ကို တစ်စထက်တစ်စ ထိခိုက်လာစေပြီး လေ့ကျင့်ပျိုးထောင်ပေးရမည့် သင်တန်းသား နည်းပါးလာမှုကြောင့် အထူးစိုးရိမ်စရာ အခြေအနေတစ်ခုဖြစ်လာကြောင်း DW သို့ ပြောကြားခဲ့သည်။

အသက်မွေးဝမ်းကျောင်းသင်တန်းများနှင့် အလုပ်သင်များ ပေါင်းစပ်ထားသော  ဂျာမနီနိုင်ငံ၏ ပူးတွဲပညာရေးစနစ်ကို နိုင်ငံ၏စီးပွားရေးတိုးတက်မှုအတွက် အဓိကချက်များထဲမှ တစ်ခုအဖြစ် ကာလကြာရှည်စွာ ရှုမြင်ခဲ့ကြသည်။ သို့သော်လည်း နိုင်ငံအတွင်းရှိ အလုပ်ဌာနများတွင် ဝင်ရောက် အလုပ်လုပ်ကိုင်သူ နည်းသည်ထက်နည်းပါးလာသည်။  ၂၀၂၂ ခုနှစ်တွင် လူဦးရေ စုစုပေါင်း (၄၆၉,၀၀၀)ခန့် အလုပ်သင်များအဖြစ် ဝင်ရောက်ခဲ့ကြရာ ၂၀၁၁ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လူဦးရေ (၁၀၀,၀၀၀ )ခန့် လျော့နည်းသွားခဲ့သည်။

ဈေးကွက်ပြောင်းလဲနေသည့်အချက်မှာ အငြင်းပွားဖွယ်ရာမရှိဟု ဓာတုစက်မှုလုပ်ငန်းများဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့အစည်းဖြစ်သော BAVC ၏ မန်နေးဂျင်းဒါရိုက်တာ Sebastian Kautzky က ပြောကြားခဲ့သည်။ ပူးတွဲလေ့ကျင့်ရေးသင်တန်းများတွင် အလုပ်သင်များနည်းပါးလာမှုကြောင့် အလုပ်နေရာ ကမ်းလှမ်းလာမှုများအားလုံးကို လုပ်သားဖြည့်ပေးရန် ပိုမိုခက်ခဲလာကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။

စက်မှုလုပ်ငန်းမျိုးစုံမှ တညီတညွတ်တည်း စိုးရိမ်ပူပန်မှုများရှိနေသော်လည်း ကျွမ်းကျင်သူအချို့ ကမူ  ဂျာမနီနိုင်ငံ တပေါင်းတစည်းတည်းဖြစ်ပြီးနောက်ပိုင်း အလုပ်အကိုင်နှုန်းမြင့်မားခဲ့မှုနှင့် အလုပ်လက်မဲ့နှုန်း ကျဆင်းခဲ့မှုတို့ကို ထောက်ပြကာ အလုပ်သမားရှားပါးမှု ပြဿနာသည် ဖော်ပြထားသကဲ့သို့ မဆိုးရွားသေးကြောင်း အထောက်အထားဖြင့် တင်ပြထားပါသည်။

၂၀၂၂ ခုနှစ်တွင် ဂျာမန်လူမျိုး ၄၅.၆ သန်းခန့် အလုပ်လုပ်ကိုင်ခဲ့ကြပြီး အလုပ်လက်မဲ့ဦးရေ ၂.၈ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့သည့် ၁၉၉၀ ပြည့်နှစ် မှ ၂၀၂၂ ခုနှစ်အထိ အချိန်ကာလများအတွင်း ကထက်ပင် ပိုမိုများပြားနေပါသည်။

ယခုနှစ်အစောပိုင်းတွင် ဂျာမန်အလုပ်သမားစျေးကွက် ကျွမ်းကျင်သူ Simon Jägerက ဂျာမနီ၏  အလုပ်အကိုင်နှုန်း မြင့်မားမှုသည် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် မသက်ဆိုင်ကြောင်း DW သို့ ပြောကြားခဲ့သည်။

Germany's Institute for Employment Research (IAB) မှ သုတေသနအရာရှိ Enzo Weber  က ဂျာမနီတွင် ၂၀၀၀ ပြည့်နှစ် အလယ်ပိုင်းမှစ၍ လုပ်သားရှားပါးလာခဲ့ပြီး ယနေ့ ဈေးကွက် အခြေအနေမှာ မကြုံစဖူး တင်းကျပ်မှုရှိလာသည်ဟု ဆိုထားပါသည်။

သို့သော်လည်း အလုပ်အကိုင် မြင့်မားမှုဆိုင်ရာ ကိန်းဂဏန်းများသည် အလုပ်သမားများ အလုပ်ရှင်များနှင့် စေ့စပ်ညှိနှိုင်းရာတွင် ပိုမိုအားကောင်းလာစေပြီး ကျွမ်းကျင်လုပ်သားပြဿနာ မှာ လက်ရှိအခြေအနေတွင် ရှိသည့်အလုပ်သမားအရေအတွက် ပြိုလဲခြင်းထက် ကုမ္ပဏီများ၏ လိုအပ်ချက်များ သိသိသာသာ တိုးလာခြင်းကြောင့်ဟု ၎င်းကပြောကြားခဲ့သည်။

ဂျာမနီတွင် ငှားရမ်းရရှိနိုင်သည့် အလုပ်သမားအရေအတွက် မကျဆင်းသေးသော်လည်း Baby boomer များ အငြိမ်းစားယူကြမည့် ၂၀၂၀-၂၀၃၀ ကာလများအတွင်း ကျဆင်းလာနိုင်ဖွယ်ရှိ သည်ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။

ထောင်ပေါင်းများစွာသော ကုမ္ပဏီများအတွက် အခြေအနေအရပ်ရပ် ပိုမိုဆိုးရွားလာသည်မှာ သိသာထင်ရှားနေပါသည်။ Skilled Immigration Act ဟု သိထားကြသော လူဝင်မှုကြီးကြပ်ရေး ပြုပြင်ပြောင်းလဲမှုကို ဦးစီးဦးဆောင်ပြုနေသည့် ဝန်ကြီး Heil က ဥပဒေပြုခြင်းဖြင့်  အခြေအနေ ပိုမိုတိုးတက်ကောင်းမွန်လာလိမ့်မည်ဟု အခိုင်အမာပြောကြားခဲ့သည်။

အဆိုပါဥပဒေကြမ်းအရ ပြည်ပမှ လာရောက်လုပ်ကိုင်ကြမည့် အလုပ်သမားများအပေါ် ဂျာမနီမှ သတ်မှတ်ထားသော အရည်အချင်းများနှင့် တင်းကျပ်ထားသော လိုအပ်ချက်များအား  ဖြေလျှော့ ပေးလိမ့်မည်ဖြစ်သည်။ အစိုးရသည် ဂျာမနီကို ဆွဲဆောင်မှုရှိပြီး လှိုက်လှဲပျူငှာသော နေရာတစ်ခု အဖြစ် ဖော်ပြရန် ရည်ရွယ်ကာ 'Make It in Germany' ဟု အမည်ပေးထားသည့် နိုင်ငံတကာ ကြော်ငြာ campaign ကို ဆောင်ရွက်ရန် တွန်းအားပေးသွားမည်ဖြစ်သည်။

စက်မှုလုပ်ငန်းလုပ်ကိုင်နေကြသည့် အစုအဖွဲ့များက သတိကြီးစွာဖြင့် ယုံကြည်မှုထားထားသော် လည်း အများစုကမူ ထိုဥပဒေသည် ထိရောက်မှုရှိအောင် လုပ်ဆောင်နိုင်စွမ်းရှိလိမ့်မည်မဟုတ်ဟု အခိုင်အမာပြောဆိုနေကြသည်။ နောင်ရောက်လာမည့် အလုပ်သမားများအတွက် လက်ရှိကျင့်သုံး နေသော ဂျာမန်ဘာသာစကားပြောတတ်ရမည်ဟူသည့် တင်းကျပ်သော လိုအပ်ချက်များကို ဖြေလျှော့မှု မပေးထားသည့်အပေါ် အများကဝေဖန်နေကြသည်။

ဂျာမန်ဘာသာ ကျွမ်းကျင်မှုအတွက်  လိုအပ်ချက်ကို ပုံကြီးချဲ့နေကြကြောင်းနှင့် ယနေ့အချိန် ကာလတွင် စက်မှုလုပ်ငန်းအများစု၌ အလုပ်လုပ်ရန် အင်္ဂလိပ်စာ ကောင်းစွာ တတ်မြောက်ရုံနှင့် လုံလောက်ကြောင်း VDMA မှ Brodtmann က ပြောကြားခဲ့ပါသည်။

အထူးသဖြင့် အီးယူပြင်ပမှ ဂျာမနီတွင် အလုပ်လာရောက်လုပ်ကိုင်ရန် ကြိုးပမ်းနေကြသော ပြည်ပ၌ ဗျူရိုကရေစီ အတွေ့အကြုံရှိခဲ့ကြပြီးဖြစ်သည့် အဆင့်မြင့်ဗျူရိုကရေစီများအပေါ် သိသိသာသာ ဖြေလျှော့မှုပေးရမည်ဟူသော ဥပဒေကို အများစုက သဘောတူညီကြပါသည်။

ပြည်တွင်းလုပ်သားအင်အားအတွင်း သင်တန်းသားအရေအတွက် တိုးမြင့်လာစေရေးအတွက် ပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းများတွင် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကို အရှိန်မြှင့် လုပ်ဆောင်ရမည်ဟု ၎င်းတို့က တောင်းဆိုထားပါသည်။

အကယ်၍ ဂျာမန်စီးပွားရေးသည် လူဦးရေအရ ဖြစ်ပေါ်လာသော ဒေသအလိုက် လိုအပ်သည့် လိုငွေပြမှုကြောင့် ဒုက္ခမ‌ရောက်ခဲ့လျှင် အစိုးရအနေဖြင့် နိုင်ငံခြားမှ အရည်အချင်းရှိသူများကို ခေါ်ယူခြင်းသည် အောင်မြင်လိမ့်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များနှင့် စီးပွားရေး ခေါင်းဆောင်များအကြား ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှု ရရှိထားပါသည်။

ဂျာမနီနိုင်ငံအနေဖြင့် လုံလောက်သော လုပ်သားအင်အားကို ထိန်းသိမ်းထားနိုင်ရေးအတွက် ၂၀၆၀ ပြည့်နှစ်အထိ (၃) နှစ်လျှင်တစ်ကြိမ် နိုင်ငံရပ်ခြားမှ အလုပ်သမားဦးရေ ၁.၂ သန်း ထပ်တိုး သွားရန် လိုအပ်မည်ဟု IAB မှ ခန့်မှန်းထားပါသည်။

 

 

 

Source:   https://www.dw.com/en/germanys-economic-time-bomb-the-labor-crisis/a-65522919

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany