Phillippines

ဖိလစ်ပိုင်အစိုးရမှ ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့်အကောက်ခွန်နှုန်းထားများ လျှော့ချပေးလိုက်ခြင်းက ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဝင်ငွေ ပီဆို ၂၂ ဘီလီယံခန့်ထိ လျော့ကျနိုင်ဖွယ်ရှိ

Last Updated:

အစိုးရမှ ဆန်တင်သွင်းမှုအပေါ်ကောက်ခံသည့် အကောက်ခွန်နှုန်းထားအား ၃၅% မှ ၁၅% ထိ လျှော့ချပေးလိုက်ခြင်းကြောင်း ၂၀၂၄ ခုနှစ်အတွင်း အစိုးရ၏ဝင်ငွေ ပီဆို ၂၀ ဘီလီယံမှ ၂၂ ဘီလီယံခန့်ထိ လျော့ကျနိုင်သော်လည်း တဖက်တွင် ငွေကြေးဖောင်းပွမှုနှုန်းအား လျှော့ချနိုင်မည်ဖြစ်ပြီး ဘဏ်အတိုးနှုန်းများလည်း လျှော့ချနိုင်ချေအား ဦးတည်လျက်ရှိသဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ပိုမိုမြင့်မားလာနိုင်ကြောင်း ဖိလစ်ပိုင်ဘဏ္ဍာရေးဝန်ကြီးမှ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားခဲ့ပါသည်။

အကောက်ခွန်နှုန်းလျှော့ချပေးခြင်းသည် အစိုးရ၏ကာလတိုအစီအစဉ်တစ်ခုသာဖြစ်ပြီး အဓိကရည်မှန်းချက်မှာ သီးနှံအထွက်နှုန်း တိုးမြင့်စေရေးအတွက် လိုအပ်သည့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ရန်ဖြစ်ပါကြောင်း၊ အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍအတွက် အရေးကြီးသည့် ရေပေးဝေရေးစနစ်၊ စက်ပစ္စည်းများ၊ ရိတ်သိမ်းပြီးလုပ်ငန်းစဉ်များအတွက် လိုအပ်ချက်များအား ရင်းနှီးမြှုပ်နှံစေရန်မှာ လိုအပ်နေပါကြောင်း၊ ထို့မှသာ စပါးအထွက်နှုန်း တိုးမြင့်လာမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အကောက်ခွန်နှုန်းလျှော့ချပေးခြင်းဆိုင်ရာ အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီးနှင့် တောင်သူလယ်သမားများအုပ်စုတို့တွေ့ဆုံစဉ် ဝန်ကြီးမှ စပါးအထွက်နှုန်းတိုးမြင့်အောင် ဆောင်ရွက်ရန်နှင့် အစိုးရအနေဖြင့်လည်း လိုအပ်သည့် ဘဏ္ဍာငွေကြေး၊ နည်းပညာထောက်ပံ့ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဘတ်ဂျက်အသုံးစရိတ်အား နှစ်စဉ်တိုးမြှင့်သုံးစွဲလျက်ရှိ ပြီး ၂၀၂၄ ခုနှစ်တွင်း ပီဆို ဘီလီယံ ၂၀၀ ခန့်ထိ ကျခံသုံးစွဲသွားရန် ဘတ်ဂျက်ခွဲဝေးပေးထားကြောင်း ပြောကြားခဲ့ပါသည်။

ဆန်တင်သွင်းမှုအပေါ်မှရရှိသည့် အခွန်ဝင်ငွေများထဲမှ ပီဆို ၁၅ ဘီလီယံအား Rice Competitiveness Enhancement Fund သို့ ထည့်ဝင်ပေးသွားမည့်ကိစ္စနှင့် Rice Tarrification Law (RTL) ပြင်ဆင်မည့်အပေါ် စပါးတောင်သူများအုပ်စုအနေဖြင့် အကြံပြုတင်ပြရန်များရှိပါက ပြောကြားနိုင်ပါကြောင်း၊ ရန်ပုံငွေစတင်ထူထောင်စဉ်က ပီဆို ၂၀ ဘီလီယံထည့်ဝင်ထားခဲ့ပြီး မနှစ်က ပီဆို ၃၀ ဘီလီယံဝန်းကျင်ခန့်နှင့် ယခုနှစ်အတွက် နောက်ထပ် ပီဆို ၁၅ ဘီလီယံအား ထည့်ဝင်ပေးသွားရန် ဆွေးနွေးလျက်ရှိပြီး ဖိလစ်ပိုင်အောက်လွှတ်တော်မှ ၂၀၂၄ ခုနှစ်၊ မေလက RTL ပြင်ဆင်ရန်အပေါ် အတည်ပြုခဲ့ပြီး လက်ရှိတွင် RCEF သို့ ပီဆို ၁၀ ဘီလီယံမှ ၁၅ ဘီလီယံထိ တိုးမြင့်ထည့်ဝင်ရန် ကိစ္စ အပေါ်သဘောတူညီထားပြီးဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။ လက်ရှိတွင်အစိုးရအနေဖြင့် ပြည်တွင်း တောင်သူများထံသို့ ထောက်ပံ့ပေးနိုင်ရေးအတွက် ဆန်တင်သွင်းမှုအပေါ် အခွန်ကောက်ခံမှုမှ ပီဆို ၁၆ ဘီလီယံထိ ရရှိထားပြီးဖြစ်ပါကြောင်း ဖော်ပြထားပါသည်။ 

ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံး ထိပ်တန်းနိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ပြည်တွင်း ဆန်ထုတ်လုပ်မှုကျဆင်းလျက်ရှိပြီး တစ်ဖက်တွင် ပြည်တွင်းဆန်စားသုံးမှုပမာဏ တိုးမြင့်လာခြင်းကြောင့် ဆန်တင်သွင်းမှုမှာ အရေးပါသည့်အခန့်ကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ ကမ္ဘာ့ဆန်ဈေးနှုန်းမှာလည်း တက်နေသည့်အတွက် အစိုးရမှ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းထားအား လက်ရှိ ၃၅% မှ ၁၅% ထိလျှော့ချပေးလိုက်ခြင်းဖြင့် ပြည်တွင်းဆန်ဈေးနှုန်း ကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းတွက်ချက်ထားပါကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်းမှာလည်း မြင့်တက်လျက်ရှိသဖြင့် ကုန်စည်များ၏ဈေးနှုန်းများ၏ မြင့်တက်မှုဒဏ်ကို စုစုပေါင်းလူဦးရေ၏ ၃၀%ခန့်သော ဝင်ငွေနည်းပါးသည့် မိသားစုများမှခံစားနေရသဖြင့် အကောက်ခွန်နှုန်းလျှော့ချပေးလိုက်ခြင်းမှတဆင့် ငွေကြေးဖောင်းပွမှုနှုန်းကိုလည်း လျှော့ချပေးနိုင်သည့် အကြောင်းရင်းတစ်ခုဖြစ်လာနိုင်သည့်အတွက် အစိုးရအနေဖြင့်ဘဏ္ဍာရေးမူဝါဒနှင့် ငွေကြေးမူဝါဒတို့အား ပေါင်းစပ်ညှိနှိုင်းအကောင်အထည်ဖော်လျက်ရှိသည်ကို လေ့လာတွေ့ရှိရပါသည်။

 

 

Source; https://mb.com.ph/2024/6/9/recto-rice-tariff-cuts-to-cost-up-to-p20-billion-in-revenues

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines