Vietnam

ဗီယက်နမ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံမှ သီဟိုဠ်စေ့ကုန်ကြမ်း (raw cashew) တင်ပို့မှုသည် ၅ လအတွင်း ၃၇ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

ကမ္ဘောဒီးယားသည် ယခုနှစ် ပထမ (၅) လအတွင်း ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့ ကုန်ကြမ်း (raw cashew) တန်ချိန် ၆၆၇,၀၀၀ တင်ပို့ခဲ့ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၈၅၁ သန်း ရရှိခဲ့ကြောင်း Vietnam Plus အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ရာသီဥတုပူပြင်းမှုကြောင့် သီဟိုဠ်စေ့အထွက်နှုန်းကို ထိခိုက်သော်လည်း သီဟိုဠ်စေ့ကုန်ကြမ်းတင်ပို့မှုပမာဏမှာ အပြုသဘောဆောင်သည့် လက္ခဏာများ ရှိနေသေးကြောင်း ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်းဥက္ကဋ္ဌဖြစ်သူ Uon Silot ၏ ပြောကြားချက်အား the Voice of Vietnam (VOV) အွန်လိုင်းသတင်းစာတွင် ကိုးကားဖော်ပြထားခဲ့သည်။

၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း သီဟိုဠ်စေ့ကုန်ကြမ်း တန်ချိန် ၇၁၆,၀၀၀ ထုတ်လုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဗီယက်နမ်သို့ သီဟိုဠ်စေ့ ကုန်ကြမ်းတင်ပို့မှုသည် ကမ္ဘောဒီးယားတွင် စိုက်ပျိုးရန်နေရာ တိုးလာခြင်းကြောင့်ဖြစ်ကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် အာဖရိကတွင် အထွက်နှုန်း ကျဆင်းသွားသကဲ့သို့ ကမ္ဘောဒီးယား၌လည်း သီဟိုဠ်စေ့အထွက်နှုန်း ကျဆင်းလာခြင်းဖြစ်ကြောင်း ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပါသည်။

မကြာသေးမီကာလများအတွင်း အပူချိန်လွန်ကဲမှုကြောင့် ကမ္ဘောဒီးယားနိုင်ငံရှိ သီဟိုဠ်ပင်များ ထိခိုက်ခဲ့သော်လည်း အသင်းအဖွဲ့ဝင်များသည် နည်းပညာကို တက်ကြွစွာ လုပ်ဆောင်နေကြသောကြောင့် သီဟိုဠ်စေ့ထုတ်လုပ်မှုအပေါ် များစွာသက်ရောက်မှု မရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ကမ္ဘောဒီးယားနိုင်ငံ သီဟိုဠ်စေ့အသင်းမှ လာမည့် ၁၀ နှစ်အတွင်း သီဟိုဠ်စေ့ကုန်ကြမ်း တင်ပို့မှုပမာဏကို ၇၀ ရာခိုင်နှုန်းလျှော့ချရန် မျှော်မှန်းထားကြောင်း၊ လက်ရှိတွင် ဗီယက်နမ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံမှ အခွံမာသီး ၉၀ ရာခိုင်နှုန်းကျော် တင်ပို့လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam