ဗီယက်နမ်နိုင်ငံသည် ပြီးခဲ့သည့် ၁၀ လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အမေရိကန်ဒေါ်လာ ၂၇.၂၆ ဘီလီယံဆွဲဆောင်နိုင်ခဲ့ကြောင်း အထွေထွေစာရင်းအင်းရုံး (GSO) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ အဆိုပါကာလအတွင်း FDI စီမံကိန်းအသစ် ၂,၇၄၃ ခု အတွက် ရင်းနှီးမြှုပ်နှံမှုလိုင်စင်များ ထုတ်ပေးခဲ့ပြီး စာရင်းသွင်းမတည်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅.၂၃ ဘီလီယံရှိကြောင်း၊ တစ်နှစ်ထက်တစ်နှစ် စီမံကိန်းအရေအတွက် ၁.၄ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။
လက်ရှိ FDI စီမံကိန်း ၁,၁၅၁ သို့ အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံ ထပ်တိုးခဲ့ပြီး ၎င်းသည် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၁.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် အဆိုပါကာလအတွင်း အရင်းအနှီး ထည့်ဝင်မှုနှင့် ရှယ်ယာဝယ်ယူမှု ၂,၆၆၉ ခု အတွက် အမေရိကန်ဒေါ်လာ ၃.၆၈ ဘီလီယံ သုံးစွဲခဲ့ကြောင်း ဖော်ပြထားသည်။
FDI ဆွဲဆောင်မှုတွင် ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ရေးကဏ္ဍမှ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၉.၇၉ ဘီလီယံကျော်ရှိကာ FDI စုစုပေါင်း၏ ၆၄.၂ ရာခိုင်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။ အိမ်ခြံမြေလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၃.၂၄ ဘီလီယံရှိပြီး FDI စုစုပေါင်း၏ ၂၁.၃ ရာခိုင်နှုန်း ဆွဲဆောင်နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ယခုနှစ် ၁၀ လအတွင်း ဗီယက်နမ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံသည့်နိုင်ငံနှင့်နယ်မြေပေါင်း ၁၀၆ ခု ကျော်မှ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ခဲ့ပြီး စင်ကာပူသည် ထိပ်တန်းရင်းနှီးမြှုပ်နှံသူဖြစ်ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈.၆ ရာခိုင်နှုန်းရှိကြောင်း ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၆၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်းသိရှိရပါသည်။ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ၃.၆၁ ဘီလီယံ ကျော်ရှိပြီး ယခင်နှစ်ထက် ၅.၄ ရာခိုင်နှုန်းတိုးလာကာ ဒုတိယနေရာတွင်ရှိကြောင်း ဖော်ပြထားပါသည်။
၁၀ လတာကာလအတွင်း ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)သည် အမေရိကန်ဒေါ်လာ ၁၉.၅၈ ဘီလီယံခန့်အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၈ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း ဖော်ပြထားပါသည်။
Source: Vietnam Economic Times
(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ ဟနွိုင်းမြို့)