Thailand

ထိုင်းနိုင်ငံ၊ အကောက်ခွန်ဦးစီးဌာနက တင်သွင်းလာသောကုန်ပစ္စည်းများအားလုံးကို X-Ray ဖြတ်သန်း ခြင်းဖြင့် စစ်ဆေးသွားရန် ရှိ

Last Updated:

ပွင့်လင်းမြင်သာမှု ပိုမိုအားကောင်းလာစေရေးအတွက် X-ray စနစ်ဆိုင်ရာပစ္စည်းများကို အဆင့်မြှင့်တင်ခြင်းဖြင့် တင်သွင်းလာသော ကုန်စည်များအားလုံးကို စစ်ဆေးရန်အကောက်ခွန်ဦးစီးဌာနအား ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Julapun Amornvivat က ညွှန်ကြားလိုက်ပါသည်။

ဝန်ကြီးဌာနအနေဖြင့် အကောက်ခွန်လုပ်ငန်းစဉ်များနှင့် ပင်လယ်ရေကြောင်းဖြင့် တင်ဆောင်လာသည့် ကုန်စည်များအတွက် X-ray ဖြင့် စစ်ဆေးသည့်စနစ်ကို အသုံးပြုသော ပုံမှန်တင်သွင်းသည့် လုပ်ငန်းစဉ်များအားလုံးကို စောင့်ကြည့်လျက်ရှိပါကြောင်း၊ စစ်ဆေးသည့် စနစ်သည် အကောက်ခွန် ရှင်းလင်းရေးတွင် အရှိန်မြှင့်တင်ရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့် ခိုးသွင်းနှင့် မလိုလားသော ကုန်သေတ္တာများကို ထိထိရောက်ရောက်စစ်ဆေးရန် ရည်ရွယ်ပါကြောင်း၊  ဝန်ကြီးချုပ်က အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ပိုမိုမြန်ဆန်စေမည့် နိုင်ငံပြတင်းတစ်ပေါက်စနစ် (National Single Window –NSW) ကို အရှိန်မြှင့်တင်စေလိုကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားခဲ့ သည်။

NSW ပုံစံသည် တစ်ခုတည်းသောအွန်လိုင်းအချက်အလက် သိုမှီးရာနေရာဖြစ်သောကြောင့် သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် နိုင်ငံအဆင့်အဖွဲ့အစည်းအားလုံးအကြား ဒီဂျစ်တယ်ချိတ်ဆက်မှုဖြင့် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊  ယင်းအပြင် ပုဂ္ဂလိက ကဏ္ဍက ယုံကြည်စွာဖြင့် အချက်အလက်များ ရယူနိုင်ပြီး ပို့ကုန်/သွင်းကုန် လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရုံသာမက ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ်များလည်း သက်သာစေကြောင်း၊ အချို့ကုန်စည်များ တင်သွင်းရာတွင် ခွင့်ပြုချက်ရရှိနိုင်ရေး အဖွဲ့အစည်းများစွာသို့ ချိတ်ဆက်ရသဖြင့် အဂတိလိုက်စားမှုကို ဖြစ်စေနိုင်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။

NSW စနစ်သည် သွင်းကုန်လိုင်စင် လိုအပ်သော ကုန်စည် အမျိုးအစား ၅,၈၇၃ ခုအတွက် အဆင်ပြေနိုင်ပြီး ကုန်စည်အမျိုးအစား ၅,၆၄၉ ခုအတွက် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ တင်သွင်းကုန်ပစ္စည်းများအတွက် X-ray စနစ် မိတ်ဆက်ခြင်းသည် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်ရန် လွယ်ကူသည့်အဆင့်ကို မြင့်တက်စေရန် ဖြစ်ကြောင်း၊ အကောက်ခွန်ရှင်းလင်းရေးကို အရှိန် မြှင့်တင်ရန် လန်ချဘန်းဆိပ်ကမ်းတွင် “Drive Through X-ray” ကို အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း၊ တင်သွင်းကုန်စည်များကို X-ray တွင် ဖြတ်သန်းစေခြင်းဖြင့် ပွင့်လင်းမြင်သာမှုရှိစွာနှင့် ပိုမိုမြန်ဆန်စွာ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း၊ အွန်လိုင်းဈေးဝယ်မှုများ မြင့်တက်လာလျက်ရှိသဖြင့် လေကြောင်းဖြင့်သယ်ဆောင်လာသော ကုန်သေတ္တာများကို X-ray စနစ်ဖြင့် စစ်ဆေးနေပြီဖြစ်ကြောင်း သိရှိရပါသည်။

NSW စနစ်ကို အသုံးပြုခြင်းဖြင့် ဝန်ကြီးဌာန နှင့် အဖွဲ့အစည်းများ ချိတ်ဆက်မှု ပိုမိုအားကောင်းလာနိုင်ပြီး ကုန်ကျစရိတ်များ လျှော့ချလာနိုင်မည်ဖြစ်ပြီး ပို့ကုန်/သွင်းကုန်လုပ်ငန်းစဉ်များကို ပိုမို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် X-ray စနစ်ကို အသုံးပြုခြင်းဖြင့် မှောင်ခိုကုန် ပစ္စည်းများ တင်သွင်းခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပြီး အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ လွယ်ကူချောမွေ့လာစေမည် ဖြစ်ကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)  

Category: Thailand