China (Kunming)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း ၅ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်

Last Updated:

တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ပထမလေးလအတွင်း နိုင်ငံခြားကုန်သွယ်မှုကဏ္ဍ၌ ခိုင်မာမှုကိုပြသခဲ့ပြီး ကုန်စည်ကုန်သွယ်မှုအနေဖြင့် စုစုပေါင်းတန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၇ ရာခိုင်နှုန်း တိုးခဲ့ကြောင်း တရားဝင်ထုတ်ပြန်သော စာရင်းဇယားများအရ သိရှိရသည်။ ယင်း ကာလအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်စည်ကုန်သွယ်မှုသည် ယွမ်ငွေ ၁၃ ဒသမ ၈၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၆ ထရီလီယံ) အထိ မြင့်တက်ခဲ့ကြောင်း အကောက်ခွန်အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ (GAC) မှ သိရသည်။ ပို့ကုန်အနေဖြင့် ယွမ်ငွေ ၇ ဒသမ ၈၁ ထရီလီယံနှင့် ၄ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်တွင် ယွမ်ငွေ ၆ ထရီလီယံသို့ ရောက်ရှိခဲ့သဖြင့် ၆ ဒသမ ၈ ရာခိုင်နှုန်းထိ အလားတူတိုးလာသည်ကို တွေ့ရှိရသည်။

နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း ပမာဏသည် သိသိသာသာ တိုးတက်မှုရှိခဲ့ကြောင်း၊ ယင်းတိုးတက်မှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ကြောင်း တရုတ်မူဝါဒသိပ္ပံအဖွဲ့အစည်းမှ စီးပွားရေးမူဝါဒကော်မရှင်၏ ဒုတိယညွှန်ကြားရေးမှူး Xu Hongcai က ပြောကြားခဲ့သည်။ အထွေထွေကုန်သွယ်မှုကဏ္ဍတွင် သွင်းကုန်နှင့် ပို့ကုန်များ တိုးမြှင့်လာသဖြင့် သွင်းကုန်နှင့် ပို့ကုန် ကုန်သွယ်မှု ကိန်းဂဏန်းများသည်လည်း အနုတ်လက္ခဏာမှ အပေါင်း လက္ခဏာသို့ တိုးတက်ပြောင်းလဲလာခဲ့သည်။ ယင်းမှာနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုပုံစံသည် GAC အချက်အလက်များအရ အရှိန် အဟုန်ဖြင့် အသွင်ကူးပြောင်းမှုရှိသည်ကို ညွှန်ပြနေသည်။

၂၀၂၄ ခုနှစ် ပထမလေးလအတွင်း တရုတ်နိုင်ငံ၏ အထွေထွေကုန်သွယ်မှုအနေဖြင့် သွင်းကုန်နှင့် ပို့ကုန်တန်ဖိုးမှာ ယွမ်ငွေ ၈ ဒသမ ၉၈ ထရီလီယံရှိခဲ့ပြီး ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကာ စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှုစုစုပေါင်း၏ ၆၅ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိခဲ့သည်။ ထို့အပြင် အာဆီယံနိုင်ငံများနှင့် BRI မိတ်ဖက်နိုင်ငံများသို့ တင်ပို့မှုကို အရှိန်အဟုန်ဖြင့် တိုးချဲ့လာခဲ့သဖြင့် ဒေသတွင်း အဖွဲ့အစည်းများတွင် ထင်ရှားသော အပြောင်းအလဲများ ရှိခဲ့သည်။ ပို့ကုန်တိုးတက်မှုသည် အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုပိုငွေကို သိသာထင်ရှားစွာ မြင့်တက်လာစေခဲ့ပြီး အလားတူကာလတွင် ယွမ်ငွေ ၄၅၆ ဒသမ ၀၁ ဘီလီယံ မြင့်တက်လာခဲ့သဖြင့် ၁၈ ဒသမ ၁ ရာခိုင်နှုန်းအထိ သိသိသာသာ တိုးတက်လာခဲ့သည်။

တန်ဖိုးမြင့် လျှပ်စစ်စက်သုံးပစ္စည်းများ တင်ပို့မှုသည် လျင်မြန်စွာ တိုးတက်လာသည်ကို တွေ့ရှိရပြီး ယင်းထုတ်ကုန်များသည် စုစုပေါင်းတင်ပို့မှု၏ ၆၀ ရာခိုင်နှုန်းနီးပါးထိ ရှိခဲ့သည်။ အဆိုပါ ထုတ်ကုန်များတွင် အလိုအလျောက် အချက်အလက် စီမံဆောင်ရွက်ပေးသည့် စက်ကိရိယာများ (automatic data processing equipment) နှင့် အစိတ်အပိုင်းများ (components)၊ ပေါင်းစပ်ဆားကစ်များ (integrated circuits) နှင့် မော်တော်ကားများ တင်ပို့မှု၌ သိသိသာသာ တိုးတက်လာခဲ့သည်။

 

 

အရင်းမြစ်။ https://news.cgtn.com/news/2024-05-09/China-s-foreign-trade-rises-5-7-in-first-four-months-1tsFn69eJNe/p.html

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)