Phillippines

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၅ ခုနှစ်တွင်လည်း ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံသည် တိုးမြင့်လာသည့် လူဦးရေကြောင့် စားသုံးသူမြင့်တက်လာခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ၃ နှစ်ဆက်တိုက် ကမ္ဘာ့ထိပ်တန်း ဆန်တင်သွင်းသည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန၏ ၂၀၂၅ ခုနှစ်အတွက် ပထမဆုံးခန့်မှန်း တွက်ချက်မှုပြုလုပ်ခဲ့သည့် လစဉ်ခန့်မှန်းချက် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းတွက်ချက်မှုတွင် ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ စုစုပေါင်းဆန်တင်သွင်းမှုသည် မက်ထရစ်တန်ချိန် ၄.၂ သန်းခန့်ရှိနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေတိုးမြင့်လာမှုနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ဖြစ်ပါသည်။ အမေရိကန်စိုက်ပျိုးရေးဌာန၏ ခန့်မှန်းတွက်ချက်မှုသည် ဖိလစ်ပိုင်အစိုးရ၏ ခန့်မှန်းတွက်ချက်မှုထက် မက်ထရစ်တန်ချိန် ၁၀၀,၀၀၀ ပိုမိုများပြားခဲ့ကြောင့် အမေရိကန်စိုက်ပျိုးရေးဌာနမှ ပြောကြားထားပါသည်။

ခန့်မှန်းတွက်ချက်ထားသည့်အတိုင်း အမှန်တင်သွင်းခဲ့ရသည်ဆိုပါက ဖိလစ်ပိုင်နိုင်ငံသည်ကမ္ဘာ့ဆန်တင်သွင်းမှု အများဆုံးနိုင်ငံတစ်ခုအဖြစ် ၃နှစ် ဆက်တိုက် ရပ်တည်သွားမည်ဖြစ်ပါကြောင်း၊ ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ခန့်မှန်းချက်အရ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ လူဦးရေသည် အနည်းဆုံး ၁၁၃.၆၃ သန်းထိရှိလာနိုင်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ် တရားဝင် ထုတ်ပြန်ခဲ့သည့် လူဦးရေ ၁၀၉.၀၃၅ သန်းထက် ၄.၂% ထိတိုးမြင့်လာကြောင်း ဖော်ပြပါရှိပါ သည်။

ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့၏ ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၀ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံ့လူဦးရေသည် နှစ်စဉ် ၀.၈၄% တိုးမြင့်လာနိုင်ပါကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှုသည် မက်ထရစ်တန်ချိန် ၁၇.၁ သန်းထိ လိုအပ်ချက်ရှိလာနိုင် သဖြင့် ၂၀၂၄ ခုနှစ်တွင် ခန့်မှန်းထားသည်ထက် မက်ထရစ်တန်ချိန် ၁၆.၆ သန်း ပိုမိုတိုးမြင့်လာနိုင်ကြောင်း ဖော်ပြပါရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့ဆဋ္ဌမမြောက် ဆန်စားသုံးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်တည်ရှိနေပါကြောင်း၊ ကမ္ဘာ့ဆန်စားသုံးမှုသည်လည်း စံချိန်သစ်အဖြစ် တိုးမြင့်လာဖွယ်ရှိပြီး အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်နိုင်ငံတို့တွင် စားသုံးမှုမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ခန့်မှန်းတွက်ချက်မှုများအရ ၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့ဆန်စားသုံးမှု စုစုပေါင်းသည် မက်ထရစ်တန် ၅၂၆.၄၀၁ သန်းထိ ရှိလာနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့ပါသည်။

သို့သော် ၂၀၂၅ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စိုက်ပျိုးထုတ်လုပ်မှုသည် မက်ထရစ်တန်ချိန် ၁၂.၇ သန်းထိ တိုးမြှင့်နိုင်ပြီး မူလခန့်မှန်းထားတွက်ချက်ထားမှုမှာ မက်ထရစ်တန်ချိန် ၁၂.၅ သန်း ဖြစ်၍ ခန့်မှန်းထားသည်ထက် တန်ချိန် ၂၀၀,၀၀၀ ပိုမိုတိုးမြင့်လာနိုင်ပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့သတ္တမမြောက် ဆန်စိုက်ပျိုးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့၏နောက်တွင် ရပ်တည်လျက်ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှု ဆန်ဝယ်ယူမှုပိုမိုမြင့်တက်လာခြင်းကြောင့် မူလခန့်မှန်းတွက်ချက်ထားသည့် မက်ထရစ်တန် ၃.၉ သန်းမှ ၄.၁ သန်းထိ တိုးမြှင့်ခန့်မှန်းရခြင်းဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာမှ ပြောကြားခဲ့ပါသည်။ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ မေလ ၂ ရက်နေ့ထိ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုမှာ မက်ထရစ်တန် ၁.၆ သန်းကျော်ရှိပြီဖြစ်ကြောင်း ဖော်ပြပါရှိပါ သည်။

လက်ရှိဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်းဆန်လက်လီဈေးနှုန်းများမှာ တစ်ကီလိုလျှင် ပီဆို ၄၀ နှင့် ၄၅ ကြားရှိနေပြီး တခါတရံ ၅၀ ပီဆိုထက်ပင် မြင့်တက်လျက်ရှိသဖြင့် သမ္မတမားကို့စ်မှ Rice Tarrification Law အား အမြန်ဆုံးပြင်ဆင်ရန် ညွှန်ကြားထားပြီး လက်ရှိလွှတ်တော်တွင် ဆွေးနွေးလျက်ရှိပါကြောင်း၊ တိုင်းပြည်စီးပွားရေးတည်ငြိမ်စေရန်နှင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရန်ရည်ရွယ်ပြီး ပြည်တွင်းဆန်ဈေးနှုန်းအား တစ်ကီလိုလျှင် ပီဆို ၃၀ ထိလျှော့ချသွားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Rice Tarrification Law အရ ဖိလစ်ပိုင်အမျိုးသားစားနပ်ရိက္ခာအာဏာပိုင်အဖွဲ့အနေဖြင့် နိုင်ငံတော်၏ အရေးပေါ်အခြေအနေတွင်သာ သမ္မတ၏ ညွှန်ကြားချက်ဖြင့် ဆန်တင်သွင်းခွင့်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတတွင်သာ အရေးပေါ်အခြေအနေတွင် ဆန်တင်သွင်းခွင့်ဆိုင်ရာ အထူးအာဏာရှိနေပြီး သာမန်အခြေအနေတွင် ပုဂ္ဂလိကကဏ္ဍမှ လွတ်လပ်စွာ တင်သွင်းခွင့်ရရှိထားပါကြောင်း၊ လက်တလော လွှတ်တော်တွင် ဆွေးနွေးရာတွင် NFA အား ဆန်တင်သွင်းခွင့် ပြန်လည်ခွင့်ပြု/မပြုဆိုသည့် အချက်ပါဝင်နေပြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ၎င်း၏ ၁၁ နှစ်တာအတွေ့အကြုံအရ NFA  အား ဆန်တင်သွင်းခွင့် ပြန်လည်ပေးအပ်ခြင်းသည် ပြည်တွင်းဆန်တောင်သူများအတွက် အကျိုးဖြစ်စေမည်မဟုတ်နိုင်ဟု ဆွေးနွေးထားပါကြောင်းနှင့် ဆန်တင်သွင်းခွင့်အထူးအာဏာကို နိုင်ငံတော်သမ္မတထံတွင်သာ ဆက်လက်ထားရှိစေလိုကြောင်း လေ့လာသိရှိရပါသည်။

 

 

 

Source; https://www.philstar.com/business/2024/05/13/2354582/philippines-remain-worlds-top-rice-importer-2025

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines