China(Beijing)

ကမ္ဘာ့ဝယ်လိုအားကျဆင်းနေချိန်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့၏ ကုန်သွယ်မှုမှာ အားကောင်းနေဆဲဖြစ်

Last Updated:

ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) နှင့် ကမ္ဘောဒီးယား-တရုတ် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (CCFTA) တို့ကြောင့် ကမ္ဘာ့ဝယ်လိုအား ကျဆင်းနေချိန်တွင် ကမ္ဘောဒီးယား-တရုတ်နှစ်နိုင်ငံ ကုန်သွယ်မှုမှာ အားကောင်းနေဆဲဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံတို့ကြား ကုန်သွယ်မှုပမာဏသည် ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး ယခင်နှစ်ကာလတူ နှိုင်းယှဉ်ချက်ထက် ၄.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အမေရိကန်၊ ဗီယက်နမ်၊ ထိုင်းနှင့် ဂျပန်တို့ အစဉ်လိုက်ရပ်တည်လျက်ရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကောက်ခွန်နှင့် ကုန်စည်စီးဆင်းမှုဌာန (GDCE) ၏ ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များ အရသိရှိရပါသည်။

ကမ္ဘောဒီးယား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတွင်းရေးမှူးနှင့် ပြောရေးဆိုခွင့်ရှိသူ Mr.Penn Sovicheat က ယမန်နှစ်က စတင်အသက်ဝင်ခဲ့သည့် RCEP နှင့် CCFTA တို့သည် ယခုကဲ့သို့ ဖြစ်ပေါ်တိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း၊ အဆိုပါ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်နှစ်ခုအရ ကမ္ဘောဒီးယားနိုင်ငံ၏ ထုတ်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ဦးစားပေး အခွန်သက်သာခွင့်များဖြင့် တင်ပို့နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် ကြီးမားသော စျေးကွက်တစ်ခုဖြစ်ပြီး အထူးသဖြင့် ဆန်၊ အဝါရောင် ငှက်ပျောသီး၊ သရက်သီး၊ တောကြက်မောက်သီးနှင့် ငရုတ်ကောင်း စသည့်နိုင်ငံ၏ စိုက်ပျိုးရေး ထွက်ကုန်များတင်ပို့နိုင်သည့် အလားအလာများစွာရှိသော နိုင်ငံဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြား ရင်းနှီးသည့်ဆက်ဆံရေးအရ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှ ယခုနှစ်နှင့် နောက်လာမည့် နှစ်များတွင်လည်း ဆက်လက်တိုးတက်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

GDCE ကိန်းဂဏန်းများအရ ကမ္ဘောဒီးယား၏ စုစုပေါင်းနိုင်ငံတကာ ကုန်သွယ်မှုပမာဏသည် ယခုနှစ်ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၃၈.၆၆ ဘီလီယံတန်ဖိုးရှိပြီး ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၃.၁ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရပါသည်။

ကမ္ဘောဒီးယား တော်ဝင်အကယ်ဒမီ လက်အောက်ရှိ နိုင်ငံတကာ ဆက်ဆံရေးအဖွဲ့အစည်း၏ ညွှန်ကြားရေးမှူးချုပ် Mr. Phea က RCEP နှင့် CCFTA တို့သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှု အရှိန်နှေးကွေးနေမှုနှင့် မသေချာမှုများအကြား ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု အရှိန်အဟုန်ကို မြင့်တက်စေသည့်အရာဖြစ်ကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက်များသည် ကမ္ဘောဒီးယား-တရုတ် နှစ်နိုင်ငံအကြားစီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းများကို အရှိန်မြှင့်တင်ပေးခဲ့ကြောင်း၊ အဆိုပါ သဘောတူညီချက်များသည် ကမ္ဘော ဒီးယားနိုင်ငံ၏ထုတ်ကုန်များကို တရုတ်နှင့်အခြား RCEP အဖွဲ့ဝင်နိုင်ငံများအကြား ဈေးကွက်သစ်များရရှိရေးကို ဖွင့်လှစ်ပေးသည့် လမ်းကြောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

Sihanoukville အထူးစီးပွားရေးဇုန်နှင့် Phnom Penh-Sihanoukville Expressway ကဲ့သို့သော Belt and Road Initiative (BRI) စီမံကိန်းများကလည်း ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံနှင့် အခြားကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်မှုကို များစွာမြှင့်တင်ပေးခဲ့ကြောင်း၊ ကမ္ဘာ့စိန်ခေါ်မှုများရှိနေသည့် ကာလအတွင်း တရုတ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံမှ တင်ပို့ရောင်းချမှု သိသာစွာတိုးတက်နေခြင်းသည် နှစ်နိုင်ငံကြား ခိုင်မာသည့် စီးပွားရေးဆက်ဆံမှုကို ပြသနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ထို့ပြင် ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီမှ မူဝါဒလေ့လာသုံးသပ်သူ Dr. Seun Sam က BRI သည် တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ကုန်သွယ်မှုဆက်ဆံရေး ခိုင်မာစေရန် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း၊ တိုးတက်လာသည့် အခြေခံအဆောက်အအုံနှင့် ထောက်ပံ့ပို့ဆောင်ရေးစွမ်းရည်များ၊ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များကြောင့် ကမ္ဘောဒီးယားနိုင်ငံသည် ဒေသတွင်း၌ စီးပွားရေးချဲ့ထွင်လိုသော နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းများအတွက် ဆွဲဆောင်မှုရှိသော နေရာတစ်ခုလည်းဖြစ်လာခဲ့ကြောင်း၊ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ တိုးလာခြင်းကြောင့် စီးပွားရေးကဏ္ဍမျိုးစုံတွင် တိုးတက်မှုများဖြစ်ပေါ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ၏ စွမ်းအင်၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ ခရီးသွားလုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် များစွာအထောက်အကူဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

 

 

 

Source: Cambodia-China trade stays robust amid weakening global demand (www.gov.cn)

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)        

Category: China(Beijing)