USA

ဥရောပနိုင်ငံများသည်ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲရန် ပြင်ဆင်ထားခြင်းမရှိဟု ဥရောပသမဂ္ဂဗဟိုဘဏ် (ECB) ၏ အဖွဲ့ဝင် Mr. Olli Rehn ပြောကြား

Last Updated:

ကုန်သွယ်မှုဆိုင်ရာ အတားအဆီးများသည် ကမ္ဘာ့စီးပွားရေးကို ဆိုးကျိုးသက်ရောက်စေနိုင်ပြီး ဥရောပသမဂ္ဂအနေဖြင့် ယင်းသို့ဖြစ်လာနိုင်ခြေကို ကြိုတင်ပြင်ဆင်ထားသင့်ကြောင့် ဖင်လန်နိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌနှင့်  ဥရောပသမဂ္ဂဗဟိုဘဏ် အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Mr. Olli Rehn က ပြောကြားခဲ့သည်ဟု Wall Street Journal အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

Mr. Olli Rehn က ဥရောပသမဂ္ဂ၏ငွေကြေးဖောင်းပွမှုသည် တဖြည်းဖြည်းကျဆင်းကာ စီးပွားရေးတိုးတက်မှုသို့ဦးတည်သည့် Soft landing အခြေအနေသို့ ရောက်ရှိလာနိုင်သော်လည်း ပထဝီနိုင်ငံရေးမသေချာမှုများကြောင့် စီးပွားရေးတိုးတက်သည့်လမ်းကြောင်းသို့ရောက်ရှိရန် မသေချာဘဲရှိနေကြောင်း၊ နောက်ထပ်မသေချာမှုတစ်ခုမှာ ဒုတိယအကြိမ်အမေရိကန်နိုင်ငံ၏သမ္မတဖြစ်လာမည့် ဒေါ်နယ်ထရမ့်၏ကုန်သွယ်ရေးမူဝါဒဖြစ် ကြောင်း၊ ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်သို့ ဝင်ရောက်လာမည့်ကုန်စည်များအားလုံးကို အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံမည်ဟုပြောကြားလျက်ရှိရာ အကောက်ခွန်နှုန်းတိုးမြှင့်ကောက်ခံပါက ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှုရှိနိုင်သည်ဟု Mr. Olli Rehn ကပြောကြားခဲ့ကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခ၊ အရှေ့အလယ်ပိုင်းပဋိပက္ခ၊ တရုတ်နိုင်ငံ၏စစ်ရေးနှင့် နည်းပညာဆိုင်ရာရည်မှန်းချက်များအပါအဝင် ဥရောပသမဂ္ဂ၏ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံ၏ မူဝါဒချမှတ်သူအပြောင်းအလဲတို့ကို ဥရောပသမဂ္ဂအနေဖြင့် အနာဂတ်တွင် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ ယနေ့ကမ္ဘာ့ပထဝီနိုင်ငံရေးအရ ယှဉ်ပြိုင်ဖက်နိုင်ငံများအကြားတွင်  ကုန်သွယ်ရေးစစ်ပွဲသည် နောက်ဆုံးအသုံးပြုသည့် အခြေအနေတစ်ရပ်ဖြစ်ကြောင်း၊ ဥရောပနိုင်ငံများအနေဖြင့် ဒေါ်နယ်ထရမ့်၏ ပထမအကြိမ်သမ္မတသက်တမ်းအတွင်း ၎င်းအားရင်ဆိုင်တုံ့ပြန်ခဲ့သကဲ့သို့ အကောင်းဆုံးတုံ့ပြန်နိုင်မည့်အနေအထားရှိသင့်ကြောင်း၊ ဥရောပသမဂ္ဂ၏ စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သည့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့တွင် လူနည်းစုအစိုးရများ ဦးဆောင်လျက်ရှိချိန်တွင် ထိုသို့ အကောက်ခွန်နှုန်း တိုးမြှင့်ကောက်ခံမည့်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂအနေဖြင့် ကုန်သွယ်မှုမူဝါဒများကို အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီမဟုတ်ဘဲ ဥရောပသမဂ္ဂ ကချမှတ်အကောင်အထည်ဖော်ခြင်းဖြစ်သဖြင့် ဂျာမနီနှင့် ပြင်သစ်နိုင်ငံများတွင် နိုင်ငံရေးအခြေအနေ ရှုပ်ထွေးလျက်ရှိသော်လည်း သမဂ္ဂကဦးဆောင်မှုပြုလာနိုင်ကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။    Wall Street Journal)    

စီးပွားရေးသံမှူး၊ ဝါရှင်တန် DC

Category: USA