Germany

ဂျာမနီနိုင်ငံ၊ ဘာလင်မြို့နှင့် ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တို့အကြားညအိပ်ရထားများပြန်လည်ပြေးဆွဲ

Last Updated:

ဘာလင်နှင့်ပါရီမြို့အကြား ညအိပ်ရထားများ ပြန်လည်ပြေးဆွဲနေပြီဖြစ်ရာ ၁၁-၁၂-၂၀၂၃ ရက်၊  တနင်္လာနေ့ညနေပိုင်းတွင် ဘာလင်မှ ပါရီမြို့သို့ ထွက်ခွာမည်ဖြစ်ပြီး၊ ယင်းခရီးစဉ်သည် (၉) နှစ် တာ ကာလအတွင်း ညအိပ်ရထားဝန်ဆောင်မှု ပထမဆုံးပြန်လည်စတင်ခဲ့ခြင်းဖြစ်သည်။

ခရီးစဉ်သည် အချိန်(၁၅)နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး လက်မှတ်တန်ဖိုးမှာ ယူရို၃၀ (အမေရိကန် ဒေါ်လာ ၃၂ ခန့်) ဝန်းကျင်မှ စတင်မည်ဖြစ်သည်။ ၎င်းခရီးစဉ်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ မတိုင်မီတွင် ညတိုင်းပြေးဆွဲနိုင်ရန် ရည်ရွယ်လျက် ယခုတစ်ပတ်လျှင် သုံးကြိမ်နှုန်းဖြင့် ကနဦး ပြန်လည်ပြေးဆွဲခြင်းဖြစ်ပါသည်။

ပြန်လည်ရှင်သန်နိုးထလာသော ညရထားသည် ဂျာမနီနိုင်ငံ၏ နိုင်ငံပိုင်ရထားဝန်ဆောင်မှုဖြစ်သော DeutscheBahn နှင့် ပြင်သစ်နိုင်ငံပိုင်ရထားဝန်ဆောင်မှု SNCF တို့အကြား ပူးပေါင်းဆောင်ရွက်မှု ရလဒ်ဖြစ်ပြီး၊ ရထားများကိုမူ သြစတြီးယားမီးရထား ÖBB ၏ Nightjet အမှတ်တံဆိပ်မှ ပံ့ပိုး ပေးထားပါသည်။

ညရထားလိုင်းအသစ်များကို အားလပ်ရက်များအတွက် ကြိုတင်စာရင်းသွင်းသူများ အလွန် များပြားကြကြောင်းနှင့် ညရထားလိုင်းအသစ် ပြန်လည်စတင်လိုက်သည်နှင့်တပြိုင်နက် ကြိုတင် စာရင်းသွင်းသူများ အမှန်တကယ် ထွက်ပေါ်လာကြကြောင်း Deutsche Bahn မှ ပြောကြားခဲ့သည်။ Deutsche Bahnသည် ၎င်း၏ သက်တမ်းရင့်ရထားတွဲများနှင့် ဝယ်လိုအား ကျဆင်းလာမှုတို့ကြောင့် ဘာလင်- ပဲရစ် ညရထားဝန်ဆောင်မှုကို ၂၀၁၄ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သည်။

ယခုအခါတွင် ခရီးသွားများသည် လေယာဉ်ခရီးစဉ်များအတွက် ကုန်ကျစရိတ်များကို ပိုမိုသတိပြုမိလာခြင်းကြောင့် ဥရောပတွင် ညအိပ်ရထားများအပေါ် စိတ်ဝင်စားမှု တဖန်ပြန်လည် မြင့်တက်လာစေခဲ့သည်။

သို့သော်လည်း ညရထားများသည် မယုံကြည်နိုင်လောက်သော အမြတ်အစွန်းများကို ရရှိနေဆဲဖြစ်ပြီး၊ ယခုဝန်ဆောင်မှုအသစ်ကို ပြင်သစ်အစိုးရ၏ တစ်နှစ်လျှင် ယူရို ၁၀ သန်း (အမေရိကန် ဒေါ်လာ ၁၁ သန်း) ထောက်ပံ့မှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင် Deutsche Bahnသည် အခြားသော Operator များနှင့်ပူးပေါင်းပြီး ဥရောပ၏ အခြားမြို့ကြီး(၁၃)မြို့တို့သို့ ၎င်း၏ ညရထားလိုင်းများကို တိုးချဲ့ပြေးဆွဲသွားရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။

 

 

 

Source:         https://www.dw.com/en/sleeper-train-relaunched-between-berlin-and-paris/a-67689539

( စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany