Germany

ခရစ္စမတ်ပွဲတော်ကာလ ဈေးရောင်းချရမှုအပေါ် ဂျာမန်လက်လီအရောင်းဆိုင်များ အားရ ကျေနပ်မှုမရှိ

Last Updated:

ဂျာမန်လက်လီရောင်းချသူများအနေဖြင့် ခရစ္စမတ်မတိုင်မီ Advent လေးပတ်အနက် ပထမအပတ်၏ ရောင်းအားမှာ သိသာစွာ တိုးတက်မှုမရှိခဲ့ခြင်းကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ကြောင်း  ၁၀-၁၂-၂၀၂၃ ရက်တွင် ပြောကြားခဲ့ကြသည်။

ရောင်းချသည့် ပစ္စည်းများ၏ ကိန်းဂဏန်းတန်ဖိုးများသည် ယမန်နှစ်ကထက် မြင့်တက်လာသော်လည်း ငွေကြေးဖောင်းပွမှုမြင့်မားနေခြင်းကြောင့် ရောင်းအားပမာဏမှာ သိသာစွာ ကျဆင်းသွားသည်ကို တွေ့ရကြောင်း ဖော်ပြထားပါသည်။

လက်လီကုမ္ပဏီပေါင်း ၃၅၀ ကျော်ခန့်ကို စစ်တမ်းကောက်ယူခဲ့ရာ ၎င်းတို့အနက်မှ ၆၀ ရာခိုင်နှုန်း ခန့်သည် နောက်ဆုံးရရှိထားသော ရောင်းအားအခြေအနေအပေါ် မကျေနပ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု German Retail Association (HDE) မှ ပြောကြားခဲ့သည်။

Advent ဒုတိယပတ်၏ လက်လီကဏ္ဍရောင်းအားသည် ပထမအပတ်ကထက်ပင် သိသာစွာအားနည်းခဲ့သည်။ လက်လီရောင်းချသူများသည် ပွဲတော်ရက်မရောက်ခင် နောက်ဆုံးရက်များ တွင် တရှိန်ထိုးတိုးမြှင့်ရောင်းချနိုင်ရေးအပေါ် မျှော်လင့်ချက် အခိုင်အမာရှိနေကြသည်ဟု HDE မှ မန်နေးဂျင်းဒါရိုက်တာ Mr.Stefan Genth က ပြောကြားခဲ့သည်။

ဘောလုံးပွဲလက်မှတ် လက်လီရောင်းချရမှုမှာလည်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ဝယ်ယူသူ နည်းပါးသွားကြောင်း မြို့လယ်ရှိ လက်မှတ်လက်လီရောင်းချသူများ၏ သုံးပုံနှစ်ပုံခန့်ကပြောကြားခဲ့ကြသည်။

ယခုနှစ် ခရစ္စမတ်ရာသီ ဈေးရောင်းကာလဖြစ်သော နိုဝင်ဘာလနှင့် ဒီဇင်ဘာလများအတွင်း စုစုပေါင်းရောင်းချရမှုမှာ ယူရို ၁၂၀ ဘီလီယံ (အမေရိကန်ဒေါ်လာ၁၂၉ ဘီလီယံ) ကျော်ခန့်သာ ရှိလိမ့်မည်ဟု HDE က ခန့်မှန်းထားပါသည်။ ၎င်းမှာ ရောင်းချသည့်ပစ္စည်းများ၏ ကိန်းဂဏန်းတန်ဖိုးများ ၁.၅ ရာခိုင်နှုန်းခန့် မြင့်တက်လာခြင်းကြောင့်ဖြစ်ပြီး တစ်ဖက်တွင် ရောင်းအားပမာဏကို ယခင်နှစ်ကထက် သိသာစွာ ကျဆင်းသွားစေခဲ့ပါသည်။

ယေဘုယျအားဖြင့် စစ်တမ်းကောက်ယူခဲ့သည့် လက်လီရောင်းချသူများ၏ ၁၅ ရာခိုင်နှုန်းခန့်ကသာ ယခုအချိန်အထိ ခရစ္စမတ်ရာသီစီးပွားရေးလုပ်ငန်းအပေါ် ကျေနပ်အားရနေကြကြောင်း HDE အစီရင်ခံစာက ဆိုထားပါသည်။

လက်လီရောင်းချသူများသည် လာမည့်သီတင်းပတ်များကို တိတ်တဆိတ်မျှော်လင့်ချက်ထားကာ စောင့်မျှော်နေကြသည်ဟု စစ်တမ်းက ဆိုထားခဲ့သည်။ စစ်တမ်းကောက်ယူခဲ့သော လက်လီရောင်းချသူများ၏ ငါးပုံတစ်ပုံအောက်တွင်ရှိသည့်အုပ်စုကသာ အပြုသဘောဆောင်သော ဖွံ့ဖြိုး တိုးတက်မှုများ ရှိလာနိုင်ရေး မျှော်လင့်ထားသည်။

HDE မှ Mr. Genth သည် အဆိုးမြင်မှုနည်းပါးသူဖြစ်ရာ နီးကပ်လာပြီဖြစ်သော အားလပ်ရက်များသည် အများအားဖြင့် ရောင်းအားကို ပိုမိုအားကောင်းစေနိုင်ကြောင်း ဒီဇင်ဘာလ၏ လဝက် အချိန်ကာလဖြစ်သည့် ဒုတိယပတ်တွင် ၎င်းက ထောက်ပြထားခဲ့သည်။

မဝေးတော့သည့် အချိန်ကာလအတွင်း ပွဲလမ်းသဘင်များအပေါ် စိတ်ပါဝင်စားမှု ပိုမိုများပြား လာမည်ဆိုပါက ခရစ္စမတ်ကာလ စီးပွားရေးလုပ်ငန်းများကို သိသာစွာ မြှင့်တင်သွားနိုင်လိမ့်မည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

 

 

Source:         https://www.dw.com/en/german-retailers-report-weak-christmas-season-sales/a-67682333

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany