ယူအေအီးနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းစီးပွားရေးလုပ်ငန်းစတင်တည်ထောင်သူများ (start-ups) ၊ အဓိကစီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများနှင့်မူဝါဒချမှတ်သူများ စုစုပေါင်း ၆၀ ဦး ကျော်တို့အားစုစည်း၍ ပထမဆုံးသော Founders' Retreat စီးပွားရေးလုပ်ငန်းရှင်များ၏စုစည်းမှု ဖိုရမ်တစ်ရပ်ကို ဒီဇင်ဘာ ၆ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ စုစည်းမှုဖိုရမ်သည် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုအတွက် လမ်းကြောင်းသစ်များကိုရှာဖွေရန်နှင့် နှစ်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ဒေလီရှိယူအေအီးနိုင်ငံသံရုံး၊ Offline ကွန်ယက်ချိတ်ဆက်မှုအဖွဲ့နှင့် ယူအေအီး-အိန္ဒိယ ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် (CEPA) ကောင်စီတို့မှ ပူးပေါင်းစီစဉ်ကျင်းပသည့် အဆိုပါဖိုရမ်သည် အသွင်ပြောင်းမိတ်ဖက်များအတွက် လမ်းကြောင်းတစ်ခုအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆန်းသစ်တီထွင်မှုနှင့်စီးပွားရေးတိုးတက်မှုတို့အတွက် နှစ်နိုင်ငံစလုံး၏တူညီသောကတိကဝတ်ကို နောက်ခံထားရှိပါသည်။ ပါဝင်တက်ရောက်ကြသည့် စီးပွားရေးလုပ်ငန်းများတွင် ပျမ်းမျှတန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံပမာဏအထိရှိကြောင်းဖော်ပြခဲ့ပြီး စီးပွားရေးလုပ်ငန်းတစ်ခုလျှင်ပမာဏတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနှင့်အထက်ရှိသော အိန္ဒိယ Unicorn ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတည်ထောင်သူ ၁၃ ဦးနှင့် အများပြည်သူစာရင်းသွင်းထားသော ကုမ္ပဏီငါးခုတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ယူအေအီးနိုင်ငံသည် ၂၀၀၀ ခုနှစ်ကတည်းကအိန္ဒိယနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံနီးပါးကိုရင်းနှီးမြှုပ်နှံခဲ့ပြီး အိန္ဒိယနိုင်ငံ၏ start-up စီးပွားရေးလုပ်ငန်းကဏ္ဍတိုးတက်မှုများကို တွန်းအားပေးခဲ့ပါသည်။ CEPA အောက်တွင်တည်ဆောက်ထားသော ယူအေအီး-အိန္ဒိယ Start-up Bridge ကဲ့သို့သောအစပြုဆောင်ရွက်မှုများသည် ဤမိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာစေခဲ့ကြောင်း ဖော်ပြ ထားပါသည်။
အိန္ဒိယနိုင်ငံဆိုင်ရာယူအေအီးသံအမတ်ကြီး Dr. Abdulnasser Alshaali က အဆိုပါ Founders' Retreat စီးပွားရေးဖိုရမ်အား "စွန့်ဦးတီထွင်မှုဆိုင်ရာ ထူးချွန်မှုအထိမ်းအမှတ်ပွဲနှင့် ပိုမိုလေးနက်သော ပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်ပြုခြင်း" ဟုခေါ်ဆိုခဲ့ပါသည်။
Offline ကွန်ယက်ချိတ်ဆက်မှုအဖွဲ့တည်ထောင်သူ Utsav Somani က ယူအေအီး-အိန္ဒိယ စတင်ပူးပေါင်းဆောင်ရွက်မှုအတွက်တွန်းအားတစ်ခုအဖြစ် ယူအေအီးနိုင်ငံ၏အမျှော်အမြင်ရှိသော ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယ၏စွန့်ဦးတီထွင်နိုင်စွမ်းကို အဆိုပါဖိုရမ်ဖြင့်ပေါင်းစပ်ပေးနိုင်ခဲ့ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။
မှတ်တိုင်တစ်ရပ်ဖြစ်ခဲ့သည့် အဆိုပါဖိုရမ်တွင် အိန္ဒိယနိုင်ငံရှိ GIFT City တွင် အဘူဒါဘီရင်းနှီးမြှုပ်နှံမှုအာဏာပိုင်အဖွဲ့၏ ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုကဲ့သို့သော စီးပွားရေးလုပ်ငန်းအစပျိုးမှုများ အပါအဝင် အိန္ဒိယနိုင်ငံတွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုခြေရာများကိုချဲ့ထွင်ရန်အတွက် ယူအေအီးနိုင်ငံ၏အပ်နှံမှု ကိုထပ်မံအတည်ပြုခဲ့ပါသည်။ နိုင်ငံနှစ်ခုလုံးမှစီးပွားရေးလုပ်ငန်းဦးဆောင်သူများကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်းအားဖြင့် ဤ Retreat ဖိုရမ်သည် စွန့်ဦးတီထွင်မှုနှင့်ဆန်းသစ်တီထွင်မှုတို့ အတွက် ကမ္ဘာလုံးဆိုင်ရာစံနမူနာကိုပြသနိုင်ခဲ့ကြောင်း သတင်းဌာနမှဖော်ပြထားပါသည်။
Source:Emirates News Agency
Economic Counsellor (Dubai)