၂၀၂၄ ခုနှစ် ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၅၁ ခု တွင် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အေဂျင်စီ၏ အဆိုအရ သိရှိရပါသည်။ စုစုပေါင်းမှတ်ပုံတင်ထားသည့် မတည်ရင်းနှီးငွေသည် အမေရိကန် ဒေါ်လာ ၅၉၈.၆၉ သန်းရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅၁.၆ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရပါသည်။
ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၆ ခုတွင် ရင်းနှီးမြှုပ်နှံထားပြီး သိပ္ပံနှင့်နည်းပညာကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၀၀.၅ သန်းဖြင့် ဦးဆောင်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၃၃.၄ ရာခိုင်နှုန်းရှိကြောင်း ရေးသားဖော်ပြထားပါသည်။
ကုန်ထုတ်လုပ်မှုနှင့် ပြုပြင်ခြင်းလုပ်ငန်းသည် အမေရိကန်ဒေါ်လာ ၁၀၈.၇၆ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၈.၁ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းနောက်တွင် လျှပ်စစ်၊ သဘာဝဓါတ်ငွေ့၊ ရေနွေးငွေ့နှင့် လေအေးပေးစက်ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၉၄.၅၇ သန်းရှိကြောင်း ဖော်ပြထားပါသည်။
အခြားထင်ရှားသော ကဏ္ဍများမှာ သတ္တုတူးဖော်ခြင်းလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၆၀.၆၇ သန်း (၁၀.၁၃ ရာခိုင်နှုန်း)၊ သယ်ယူပို့ဆောင်ရေးနှင့် သိုလှောင်ခြင်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၃၈.၆၂ သန်း (၆.၄ ရာခိုင်နှုန်း)၊ လက်လီ၊ လက်ကားနှင့် မော်တော်ကားပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်းများပါဝင်ကြောင်း သိရှိရပါသည်။ ပြီးခဲ့သည့် ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသည် နိုင်ငံပေါင်း ၃၁ နိုင်ငံ၌ ရင်းနှီးမြှုပ်နှံခဲ့ပြီး ဗီယက်နမ် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိသည့် အဓိကဈေးကွက်များမှာ လာအို၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အမေရိကန်နှင့် နယ်သာလန်တို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။
လာအိုနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၆၀.၆၈ သန်းဖြင့် ဗီယက်နမ်နိုင်ငံ၏ ပြည်ပရင်းနှီးမြှုပ်နှံမှု စုစုပေါင်း၏ ၂၆.၈၃ ရာခိုင်နှုန်းကို ကိုယ်စားပြုကြောင်း၊ အင်ဒိုနီးရှားသည် အမေရိကန် ဒေါ်လာ ၁၃၇.၇ သန်း (၂၂.၉ ရာခိုင်နှုန်း)၊ အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၉၀.၀၅ သန်း (၁၅.၀၄ ရာခိုင်နှုန်း)၊ အမေရိကန်သည် အမေရိကန်ဒေါ်လာ ၇၁.၃၅ သန်း (၁၁.၉ ရာခိုင်နှုန်း) နှင့် နယ်သာလန်သည် အမေရိကန်ဒေါ်လာ ၅၄.၆ သန်း (၉.၁ ရာခိုင်နှုန်း)ရှိကြောင်း ဖော်ပြ ထားပါသည်။
၂၀၂၄ ခုနှစ်အတွင်း ထင်ရှားကျော်ကြားသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ ပြည်ပစီမံကိန်းအချို့တွင် အိန္ဒိယ Tamil Nadu ရှိ Vin Fast ၏ လျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံပါဝင်ကြောင်း၊ ဟက်တာ ၁၆၀ ကျယ်ဝန်းသည့် အဆိုပါစက်ရုံသည် ၅ နှစ်အတွင်း ကနဦး ရင်းနှီး မြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၅၀၀ ဖြင့် စတင်ရန် စီစဉ်ထားကြောင်း ဖော်ပြထားပါသည်။
TH Group သည် ရုရှားတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ရူဘယ် ၁၉ ဘီလီယံ (အမေရိကန် ဒေါ်လာ ၁၉၀.၉၃ သန်း) ဖြင့် နို့ထွက်ပစ္စည်း မွေးမြူခြင်းနှင့် ပြုပြင်ခြင်းပရောဂျက်ကို စတင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ် နိုဝင်ဘာလကုန်အထိ ဗီယက်နမ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီမံကိန်းပေါင်း ၁,၈၁၃ ခုရှိပြီး စုစုပေါင်းမတည်ရင်းနှီးငွေ အမေရိကန်ဒေါ်လာ ၂၂.၅၂ ဘီလီယံကျော်ရှိကြောင်း၊ အဓိကကဏ္ဍများမှာ သတ္တုတူးဖော်ခြင်း အမေရိကန်ဒေါ်လာ ၇.၀၃ ဘီလီယံ (၃၁.၃၂ ရာခိုင်နှုန်း)၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း (အမေရိကန်ဒေါ်လာ ၃.၃၉ ဘီလီယံ၊ ၁၅ ရာခိုင်နှုန်း) နှင့် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး (အမေရိကန်ဒေါ်လာ ၂.၈၄ ဘီလီယံ၊ ၁၂.၆ ရာခိုင်နှုန်း)တို့ပါဝင်ကြောင်း သိရှိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် လျင်မြန်စွာကြီးထွားနေပြီး ၎င်း၏ စီးပွားရေးလုပ်ငန်းများ၏ ကွဲပြားမှုများနှင့် နိုင်ငံတကာချဲ့ထွင်မှုလမ်းကြောင်းများကို ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။
Source: Viet Nam News
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)