Vietnam

ဗီယက်နမ်-တရုတ် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ နီးပါးရှိလာ

Last Updated:

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈၅.၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး စံချိန်သစ် တင်ကာ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံနီးပါးရှိကြောင်း အထွေထွေစာရင်းအင်းရုံး (GSO) ၏ ထုတ်ပြန်သော နောက်ဆုံးအစီရင်ခံစာအရ သိရှိရပါသည်။

အထူးသဖြင့် တရုတ်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၅၅.၂ ဘီလီယံရှိပြီး တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၁၃၀.၂ ဘီလီယံရှိကြောင်း၊ နှစ်နိုင်ငံအကြား ပျမ်းမျှကုန်သွယ်မှုပမာဏသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ထိုကဲ့သို့ ပို့ကုန်တိုးတက်မှုနှုန်းကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဆိုပါက နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် ယခုနှစ်တွင် နိုင်ငံပို့ကုန်စုစုပေါင်း၏ လေးပုံတစ်ပုံနီးပါးနှင့် ညီမျှသော စံချိန်သစ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ရှိလာမည်ဖြစ်ကြောင်း ဖော်ပြ ထားသည်။

လက်ရှိအချိန်ထိ ဗီယက်နမ်နိုင်ငံ၏ လယ်ယာထွက်ကုန်များသည် တရုတ်ဈေးကွက်သို့ အဓိက တင်ပို့နေသည့် ကုန်ပစ္စည်းဖြစ်ပြီး ၂၀၂၄ ခုနှစ် ၁၀ လအတွင်း တရုတ်နိုင်ငံသို့ ဗီယက်နမ် နိုင်ငံ၏ လယ်ယာထွက်ကုန်တင်ပို့မှု တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါး ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၁.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း ဖော်ပြထားပါသည်။

ယနေ့အချိန်အထိ ဗီယက်နမ်နိုင်ငံမှ ဒူးရင်း၊ ငှက်သိုက်၊ ကန်စွန်းဥ၊ နဂါးမောက်သီး၊ လေချူသီး၊ ကြက်မောက်သီး၊ သရက်သီး၊ ပိန္နဲသီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ ကျောက်ကျောမဲ၊ မင်းဂွတ်သီး၊ လိုင်ချီးနှင့် ပင်မှည့်သီး အပါအဝင် လယ်ယာထွက်ကုန် ၁၄ မျိုး တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့လျက်ရှိကြောင်း သိရှိရပါသည်။

အဆိုပါပို့ကုန်များအနက် ဒူးရင်းနှင့် နဂါးမောက်သီးကဲ့သို့သော လယ်ယာထွက်ကုန် အများအပြားသည် တရုတ်စားသုံးသူများအကြား ရေပန်းစားလာကာ ဗီယက်နမ်မှ တင်သွင်းမှု ပမာဏမှာ အာဆီယံဒေသမှ တင်သွင်းသည့် စိုက်ပျိုးရေးထွက်ကုန် စုစုပေါင်း၏ ငါးပုံတစ်ပုံ ရှိကြောင်း သိရှိရပါသည်။ ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းရုံး (GSO) ၏ အဆိုအရ ပြီးခဲ့သည့် နှစ်က နှစ်နိုင်ငံအကြား စုစုပေါင်း ပို့ကုန်သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၁၇၁.၉ ဘီလီယံရှိကြောင်း ဖော်ပြထားပါသည်။

Source: https://en.dangcongsan.vn

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam