Vietnam

ဗီယက်နမ်နိုင်ငံတွင် တစ်ဦးချင်းပုဂ္ဂိုလ်အပေါ် ဝင်ငွေခွန်ကောက်ခံမှုသည် နှစ်စဉ်အခွန်ကောက်ခံရန် လျာထားချက်ကို ကျော်လွန်ရရှိ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ တစ်ဦးချင်းဝင်ငွေခွန် (PIT) ကောက်ခံရရှိမှုသည် ယခုနှစ် ၁၁ လအတွင်း ဗီယက်နမ်ဒေါင် ၁၇၀ ထရီလီယံရှိပြီး တစ်နှစ်လုံး ကောက်ခံရန် လျာထားချက်ဖြစ်သည့် ဗီယက်နမ် ဒေါင် ၁၀ ထရီလီယံကို ကျော်လွန်ကောက်ခံရရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

တစ်နှစ်တာလျာထားချက်၏ ၁၀၆.၉ ရာခိုင်နှုန်းကိုကောက်ခံနိုင်ခဲ့ပြီး အလုပ်သမားများ၏ စီးပွားရေးစိန်ခေါ်မှုများကြားမှ ကောက်ခံရရှိခြင်းဖြစ်ပါသည်။ တစ်ဦးချင်း ဝင်ငွေခွန် (PIT) ကောက်ခံရရှိမှုသည် တန်ဖိုးဖြည့်ခွန်နှင့် ကော်ပိုရိတ်ဝင်ငွေခွန်ပြီးနောက် နိုင်ငံတော်အတွက် တတိယအကြီးဆုံးအခွန်ကောက်ခံမှုအဖြစ် ဆက်လက်တည်ရှိနေပါကြောင်း ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ၂၀၂၄ ခုနှစ်အတွက် တစ်ဦးချင်းဝင်ငွေခွန်ကောက်ခံရရှိမှုကို ဗီယက်နမ်ဒေါင် ၁၆၀ ထရီလီယံထိ ရရှိမည်ဟု ခန့်မှန်းထားပြီး အများစုမှာ လုပ်ခလစာများမှဖြစ်ပြီး တစ်ဦးချင်း စီးပွားရေးလုပ်ငန်းမှ ဝင်ငွေအနည်းငယ် ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ် ၁၁ လအတွင်း အခွန်အာဏာပိုင်များမှ‌ စုစုပေါင်း အခွန်ကောက်ခံရရှိမှုသည် ဗီယက်နမ်ဒေါင် ၁.၅၅ quadrillion ဖြစ်ပြီး နှစ်စဉ်လျာထားချက်၏ ၁၀၄.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်တွင်းမှ အခွန်ရငွေ ၁.၅ quadrillion ဖြစ်ပြီး ရေနံစိမ်းမှ ကောက်ခံရရှိမှုသည် ဗီယက်နမ်ဒေါင် ၅၂.၅ ထရီလီယံနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများမှ ဝင်ငွေသည် ဗီယက်နမ်ဒေါင် ၂၄၈.၆ ထရီလီယံအထိ ရောက်ရှိခဲ့ပြီး ကနဦးခန့်မှန်းချက်ထက် ၂၂ ရာခိုင်နှုန်းကျော်လွန်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

အခွန်ရငွေသည် တစ်နှစ်ထက်တစ်နှစ် ၁၆.၇ ရာခိုင်နှုန်းတိုးလာကြောင်း ဗီယက်နမ်နိုင်ငံ အခွန်ဌာနမှ အစီရင်ခံတင်ပြချက်အရ သိရှိရပါသည်။ ရေနံစိမ်းမှ ရရှိငွေသည် ယခင်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၇.၈ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း နှစ်စဉ် ခန့်မှန်းချက်ထက် ၁၄.၅ ရာခိုင်နှုန်း ကျော်လွန်နေကြောင်း ဖော်ပြထားပါသည်။

ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဝင်ငွေခွန်နှင့် သက်ဆိုင်သည့် စည်းမျဉ်းများ၊ ပေးဆောင်ရမည့် ဝင်ငွေခွန်နှုန်းထားများ လျှော့ချခြင်း၊ သက်သာသောနှုန်းထားများဖြင့် အခွန်ကောက်ခံခြင်း၊ မိသားစုအတွင်း အခွန်နုတ်ယူခြင်း မူဝါဒများကို ပြန်လည်ပြင်ဆင်ခြင်း အပါအဝင် PIT စည်းမျဉ်း များကို ပြုပြင်ပြောင်းလဲရန် အဆိုပြုထားကြောင်း၊ အဆိုပါ ပြုပြင်ပြောင်းလဲမှုသည် ပြောင်းလဲ နေသော စီးပွားရေးအခြေအနေများနှင့်အညီ လူတစ်ဦးချင်းအပေါ် အခွန်ဝန်ထုပ်ဝန်ပိုး လျှော့ချရန် ရည်ရွယ်ကြောင်း ဖော်ပြပါရှိပါသည်။

Source: The Saigon Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam