Vietnam

ဗီယက်နမ်နိုင်ငံတွင် ကော်ဖီ တင်ပို့မှု ဈေးနှုန်းများ မြင့်တက်လျက်ရှိ

Last Updated:

၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း ဗီယက်နမ်နိုင်ငံမှကော်ဖီ တင်ပို့သည့် စျေးနှုန်းသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၄၈၂ ရှိပြီး ၅၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း The Saigon Times အွန်လိုင်းသတင်း ဖော်ပြချက်အရသိရှိရပါသည်။

ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း (VICOFA) ၏ အချက်အလက်များအရ ဗီယက်နမ် နိုင်ငံမှ Robusta ကော်ဖီစေ့တန်ချိန် ၇၁,၅၇၀ နီးပါး တင်ပို့ခဲ့ကြောင်း၊ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၉၂၀ ရှိပြီး Arabica ကော်ဖီတင်ပို့မှုအနေဖြင့် တန်ချိန် ၆,၈၃၀ တင်ပို့ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၈၈၈ ရှိကြောင်းသိရှိရပါသည်။ နှစ်ပေါင်း ၅၀ အတွင်း Arabica ကော်ဖီစေ့ ဈေးနှုန်းသည် Robusta ကော်ဖီစေ့ဈေးနှုန်းထက် မြင့်မားခြင်းဖြစ်ပါသည်။

၂၀၂၁-၂၀၂၂ ခုနှစ် ကော်ဖီ ရာသီတွင် Robusta ကော်ဖီစျေးနှုန်းများသည် Arabica ကော်ဖီ ဈေးနှုန်းထက် သိသိသာသာလျော့ကျခဲ့ပြီး Robusta တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁,၉၈၀ နှင့် Arabica ကော်ဖီတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄,၃၃၃ ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၂-၂၀၂၃ ခုနှစ် အတွင်း ကော်ဖီအမျိုးအစားနှစ်ခုကြား တင်ပို့ရာတွင် စျေးနှုန်းကွာခြားမှု အနည်းငယ်သာရှိပြီး ၂၀၂၄ မေလတွင် Robusta ၏တင်ပို့မှု စျေးနှုန်းသည် Arabica ထက် ဈေးပိုများကြောင်း သိရှိရပါသည်။

VICOFA ၏ အဆိုအရ Robusta နှင့် Arabica အကြား စျေးနှုန်းအပြောင်းအလဲမှာ Robusta ကော်ဖီစေ့များ၏ ဝယ်လိုအား မြင့်တက်လာသောကြောင့်ဖြစ်ကြောင်း၊ ကော်ဖီဝယ်ယူ ထုတ်လုပ်သူများအနေဖြင့် ၎င်းတို့အတွက် အမြတ်အစွန်းများသည့် Robusta ကော်ဖီစေ့ ဝယ်ယူနေသည့်အတွက် Arabica ကော်ဖီစေ့ထက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ဗီယက်နမ်ကော်ဖီစေ့တင်ပို့မှု စျေးနှုန်းသည် ယခုနှစ် ပထမ (၅) လတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃,၄၈၂ ဝန်းကျင်သို့ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်းနှင့် အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံမှ ကော်ဖီတင်ပို့မှုမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ ရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း ကုန်းမြင့်ဒေသများရှိ ကော်ဖီစျေးနှုန်းများသည် မကြာခဏ ပြောင်းလဲလျက်ရှိပြီး လက်ရှိတွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၀,၀၀၀ ရှိကြောင်းနှင့် အချို့သောအချိန်များတွင် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၂၆,၀၀၀ အထက်သို့ မြင့်တက်သည့် အခြေအနေများလည်းရှိကြောင်း ဖော်ပြထားပါသည်။

 

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam