Korea

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်းနှေးကွေးလာ

Last Updated:

တောင်ကိုရီးယားနိုင်ငံသည် လွန်ခဲ့သော နှစ် ၇၀ ကျော်က ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် တစ်နိုင်ငံအဖြစ် ရပ်တည်ခဲ့ရာမှ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများအလယ်တွင် ဝင်ငွေမြင့်မား သောနိုင်ငံ အဖြစ်ရပ်တည်လာနိုင်ပြီဖြစ်ပါသည်။ ယင်းသို့ ပြောင်းလဲအောင်စွမ်းဆောင်ရာတွင် အလျှင်မြန်ဆုံး ဆောင်ရွက်နိုင်သည့် နိုင်ငံတစ်နိုင်ငံပင်ဖြစ်နိုင်သည်ဟု ဆိုရပါမည်။

၂၀၂၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ၏ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ညီလာခံတွင် တောင်ကိုရီးယားနိုင်ငံအား အလယ်အလတ်အဆင့်ဝင် ငွေထောင်ချောက် (Middle-income Trap) တွင် ပိတ်မိမနေပဲ ခိုင်မာသော စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်သည့်နိုင်ငံအဖြစ် ဥပမာပြ၍ ပထမဆုံးအကြိမ် ထုတ်ဖော်ကြေညာခြင်းပင်ခံခဲ့ရပါသည်။ လက်ရှိတွင် အာရှ၏ စတုတ္ထမြောက် စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံ ဖြစ်နေသည့်အပြင် ကမ္ဘာ့စီးပွားရေးအင်အား အကောင်းဆုံးနိုင်ငံများအကြား နံပါတ် ၁၃ နေရာကို ရယူထားနိုင်ပြီးဖြစ်ပါသည်။

သို့သော် ၂၀၂၃ ခုနှစ်တွင် ကြုံတွေ့လာရသည့် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များက နိုင်ငံ၏စီးပွားရေးတိုးတက်မှုသည် ရေရှည်တုံ့ဆိုင်းမှုအခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း သတိပေးလာပြီဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ လူတစ်ဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP per Capita) တိုးတက်နှုန်းသည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၈.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး GDP per Capita တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၂,၁၄၂ သာ ရှိခဲ့ပါသည်။ ယင်းသို့ကျဆင်းမှုနှုန်းသည် ကမ္ဘာ့စီးပွားရေးအင်အားအကောင်းဆုံးနိုင်ငံများအကြား ဂျပန်နိုင်ငံနှင့် ဆွီဒင်နိုင်ငံပြီးလျှင် တတိယမြောက် GDP per Capita ကျဆင်းမှုနှုန်း အများဆုံးနိုင်ငံဖြစ်လာပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ GDP per Capita တိုးတက်နှုန်း ကျဆင်းသည့်အတွက် ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်နှုန်း (သို့မဟုတ်) စီးပွားရေးတိုးတက်နှုန်းကိုလည်း ယခင်နှစ်ကထက် လျှော့ချခန့်မှန်းလာကြပါသည်။  နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (The International Monetary Fund- IMF) က တောင်ကိုရီးယား၏နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၃ ခုနှစ်တွင် ၁.၄ ရာခိုင်နှုန်းတိုးတက်လိမ့်မည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့ပါသည်။ ယင်းပမာဏသည် ၂၀၂၁ ခု နှစ်က GDP တိုးတက်နှုန်းဖြစ်သည့် ၂.၆ ရာခိုင်နှုန်းထက် လျော့ကျနေသည့်အပြင် ၂၀၂၃ ခုနှစ်အ တွင်း အာရှဒေသတစ်ခုလုံးအတွက် GDP တိုးတက်နှုန်း ခန့်မှန်းချက်ဖြစ်သည့် ၄.၆ ရာခိုင်နှုန်းထက်လည်း များစွာလျော့နည်းနေပါသည်။ တိုင်းပြည်၏ စီးပွားရေးသည် ပို့ကုန်တင်ပို့မှုအပေါ်များစွာ မီခိုနေသည့်အတွက် ၂၀၂၃ ခုနှစ်၊ မေလအထိ ၁၅ လဆက်တိုက် ကုန်သွယ်မှုလိုငွေပြနေခဲ့ခြင်းကလည်း တိုင်းပြည်၏ စီးပွားရေးအပေါ် ဖိအားဖြစ်စေပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ကုန်သွယ်မှုပိုငွေပြခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် ပို့ကုန်တင်ပို့မှုပမာဏသည် ယခင်နှစ်အလားတူကာလက တင်ပို့မှုဝင်ငွေထက် ၁၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၀.၃၃ ဘီလီယံသာရရှိခဲ့ပါသည်။ အခြားသော ပြင်ပအကြောင်းအရာများဖြစ်သည့် ကိုဗစ်-၁၉ ကပ် ရောဂါ၊ ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့် ငွေကြေးဖောင်းပွမှုများ ဆက်တိုက်ကြုံတွေ့နေရခြင်း စသည်တို့ကလည်း တိုင်းပြည်စီးပွားရေးတိုးတက်မှုနှုန်းကို အားလျော့စေသည့် အကြောင်းတရားများ ဖြစ်ပါသည်။

နောက်ဆုံးရရှိလာသော စီးပွားရေးဆိုင်ရာ အချက်အလက်များအရ တိုင်းပြည်၏ စီးပွားရေးသည် အကန့်အသတ်ဖြင့်တိုးတက်နေသည့် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ကဏ္ဍပေါင်း စုံပြုပြင်ပြောင်းလဲရေးဆောင်ရွက်သင့်ပြီး လုပ်ငန်းသစ်များ ရှာဖွေဖော်ထုတ်သင့်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြပါသည်။ နိုင်ငံ၏ စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းကို ကျော်လွန်နိုင်ရေးအတွက် ကလေးမွေးဖွားမှုနှုန်း ကျဆင်းခြင်းနှင့် သက်ကြီးလူဦးရေများလာခြင်းစသည့် ကိစ္စ ရပ်များမှအစပြု၍ ဖြေရှင်းသင့်ကြောင်း အကြံပြုထားသည့်အပြင် အနာဂတ်တွင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းသစ်များနှင့် လုပ်ငန်းသစ်များ ရှာဖွေဖော်ထုတ်သင့်ကြောင်း၊ တိုးတက်နေသည့်နိုင်ငံများအနေဖြင့်  စီးပွားရေးတိုးတက်မှုနှုန်းကို ဂဏန်းနှစ်လုံးတိုးတက်မှုနှုန်း (Double-digit Growth) ရရှိရေးထက် တိုးတက်မှုနှုန်းကို ပုံမှန်ဖြစ်အောင် ထိန်းထားနိုင်ရေးသည်သာ အဓိကကျပါကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်ကြပါသည်။ ဥပမာအားဖြင့် အမေရိကန်ပြည်ထောင်စုသည် တိုင်းပြည်၏ စီးပွားရေးအား နည်းပညာသစ်များဖြင့် ဦးဆောင်စေသည့်အပြင် နိုင်ငံ၏ လူဝင်မှုရေးရာမူဝါဒများကိုလည်း ကြိုတင်တင်ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်းအားဖြင့် စီးပွားရေးတိုးတက်နှုန်းကို ၂ ရာခိုင်နှုန်းတွင်သာ တည်ငြိမ်နေစေရန်ထိန်းထားလျက်ရှိပါကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံသည်လည်း စက်မှုလုပ်ငန်းပိုင်းဆိုင်ရာအင်အားသစ်တစ်ခုကို ရှာဖွေသင့် သည့်အပြင် ကလေးမွေးဖွားမှုနှုန်းကျဆင်းခြင်းနှင့် သက်ကြီးရွယ်အိုလူဦးရေများလာခြင်းတို့ကို လည်း ဖြေရှင်းသင့်ပါကြောင်း Hyundai Research Institute (ဟွန်ဒိုင်းသုတေသနသိပ္ပံ) မှဒုတိယညွှန်ကြားရေးမှုး Mr. Ju Won ကပြောကြားခဲ့ပါသည်။

Sogan University ရှိ Graduate School of Business (ဘွဲ့လွန်စီးပွားရေးကျောင်း)မှ စီးပွား ရေးရာပါမောက္ခ Mr. Kim Young-ik ကလည်း တောင်ကိုရီးယားနိုင်ငံသည် ပို့ကုန်တင်ပို့မှုကို နိုင်ငံတစ်ခုတည်းအပေါ် မီခိုအားထားနေမှု (ဥပမာ တရုတ်နိုင်ငံတစ်ခုတည်းကို အဓိကကုန်သွယ်ဖက် နိုင်ငံအဖြစ်အားထားနေမှု) ကို လျှော့ချ၍ အခြားသောနိုင်ငံများသို့ ပို့ကုန်တင်ပို့မှုလမ်းကြောင်း သစ်များရှာဖွေဖော်ထုတ်သင့်ကြောင်း၊  ကိုဗစ်-၁၉ ကပ်ရောဂါအပြီးတွင် တရုတ်နိုင်ငံ၏ စီးပွားရေး နလန်ထူလာမှုအားနည်းခြင်းနှင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့အကြား ချစ်ပ်ပြားများနှင့် စပ်လျဉ်း၍တင်းမာမှုများရှိလာခြင်းတို့သည် ချစ်ပ်ပြားများနှင့် ကားတင်ပို့မှုကို အားထားနေသော တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအတွက် ထပ်မံတွန်းအားပေးနိုင်မည့် လုပ်ငန်းကဏ္ဍသစ်များ ရှာဖွေဖော်ထုတ်ရန် အချက်ပေးနေပါကြောင်း ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံရှိ ဦးဆောင်စီးပွားရေးလုပ်ငန်းအုပ်စုကြီးများကမူ လက်ရှိတွင် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍသစ်များဖြစ်သည့် ဘက်ထရီများ၊ လျှပ်စစ်ကားများ၊ ဇီဝဆေးဝါးများနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်တို့ကို မျက်စိကျနေလျက်ရှိပါသည်။

 

 

Source: The Korea Herald (14-8-2023 Newspaper)

(ဒေါ်ပပ၊ စီးပွားရေးသံမှူး၊ ကိုရီးယားသမ္မတနိုင်ငံ)

Category: Korea