USA

အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် (၂.၆) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ပြီး ဗဟိုဘဏ်အနေ ဖြင့် အတိုးနှုန်းလျှော့ချရန် အလားအလာရှိ

Last Updated:

အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏ ၁၃-၁၁-၂၀၂၄ ရက်အစီရင်ခံစာအရ အောက်တိုဘာလ၏ စားသုံးသူဈေးဆနှုန်းသည် (၂.၆) ရာခိုင်နှုန်းသို့မြင့်တက်ခဲ့ကြောင်း၊ စားသောက်ကုန်ဈေးနှုန်းနှင့် စွမ်းအင်ဈေးနှုန်းတို့ကို ထည့်သွင်းတွက်ချက်မထားသည့် Core Inflation မှာ လွန်ခဲ့သောနှစ်ကထက် မြင့်တက်ခဲ့ပြီး (၃.၃) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ စတော့ရှယ်ယာဈေးကွက်တွင် Dow Jones Industrial Average အညွှန်းကိန်းသည် အနည်းငယ်မြင့်တက်ခဲ့သော်လည်း S&P 500 နှင့် Nasdaq Composite အညွှန်းကိန်းများမှာ အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ အစိုးရငွေတိုက်စာချုပ်အတိုးနှုန်းရငွေသည် ယခုရက်သတ္တပတ် အင်္ဂါနေ့တွင် မြင့်တက်ခဲ့သော်လည်း ဗုဒ္ဓဟူးနေ့တွင် ကျဆင်းခဲ့ကြောင်း သိရှိရ ပါသည်။

အမေရိကန်အလုပ်သမားဝန်ကြီးဌာန၏အစီရင်ခံစာသည် သမ္မတရွေးကောက်ပွဲပြီးနောက်ပိုင်း ပထမဆုံးထုတ်ပြန်သည့် အစီရင်ခံစာတစ်ခုဖြစ်ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရ စတင်တာဝန်ယူသည့်အချိန်မှစ၍ ယနေ့အချိန်အထိ အမေရိကန်နိုင်ငံ၏ စားသုံးသူဈေးဆနှုန်းသည် (၂၀) ရာခိုင်နှုန်းကျော်မြင့်တက်ခဲ့ကြောင်း၊ အမေရိကန်မဲဆန္ဒရှင်များက စားသုံးသူဈေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုမြင့်တက်ခြင်းကြောင့် လက်ရှိအစိုးရခေါင်းဆောင်ကို အပြစ်ဖို့ခဲ့ကြကြောင်း၊ လက်ရှိတွင် အမေရိကန်၏ ငွေကြေးဖောင်းပွမှုသည် တဖြည်းဖြည်းကျဆင်းသည့်အခြေအနေသို့ ဦးတည်လျက်ရှိရာ ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့်အနေဖြင့် စီးပွားရေးအခြေအနေ အသင့်အတင့်ကောင်းမွန်လာသည့်အချိန်တွင် သမ္မတတာဝန်ယူရနိုင်ကြောင်း၊ ထို့အပြင် အမေရိကန်ဗဟိုဘဏ်ကလည်း စီးပွားရေးအခြေအနေကောင်းမွန်လာစေရန်အတွက် အတိုးနှုန်းများလျော့ချရန် ရည်ရွယ်လျက်ရှိပါကြောင်း သိရှိရပါသည်။

စားသုံးသူဈေးဆနှုန်းမြင့်တက်ခြင်းသည် ယခင်နှစ်အချက်အလက်များနှင့် နှိုင်းယှဉ်ရန် အခက်အခဲရှိသဖြင့် မြင့်တက်ခြင်းဖြစ်နိုင်သော်လည်း ယခင်လတွင် သိသာစွာဈေးနှုန်းမြင့်တက်ခဲ့သည့် ကုန်ပစ္စည်းများရှိကြောင်း၊ မော်တော်ယာဉ်နှင့် ကုန်တင်မော်တော်ယာဉ်တို့၏ဈေးနှုန်းသည် ယခင်လ ကထက် (၂.၇) ရာခိုင်နှုန်း၊ လေယာဉ်ခနှုန်းထားသည် (၃.၂) ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ စွမ်းအင်ဈေးနှုန်းများ ပြောင်းလဲမှုမရှိသော်လည်း လောင်စာဆီဈေးနှုန်းသည် အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ ယင်းသို့ကျဆင်းခဲ့ခြင်းမှာ လျှပ်စစ်ဓာတ်အားခနှင့် သဘာဝဓာတ်ငွေ့ဈေးနှုန်းများမြင့်တက်ခဲ့၍ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်သွယ်လုပ်ငန်းရှင်အများစုက ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းလျှော့ချရန်မျှော်မှန်းထားကြပြီး ယခုအစီရင်ခံစာထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဗဟိုဘဏ်၏ အတိုးနှုန်းလျှော့ချနိုင်သည့်ရာခိုင်နှုန်း မှာ (၈၀) အထိမြင့်တက်ခဲ့ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် တဖြည်းဖြည်းကျဆင်းသည့် အခြေအနေ သို့ ဦးတည်နေသော်လည်း ၂၀၂၃ ခုနှစ်တွင် စားသုံးသူဈေးဆနှုန်းသည် ယခင်နှစ်ကထက် (၃.၂) ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဈေးနှုန်းများသည် ယခင်နှစ်ကထက် (၉.၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ လက်ရှိအတိုးနှုန်းကို လျှော့ချရန်လိုအပ်ပြီး အကယ်၍လျှော့ချခြင်းမပြုလျှင် အလုပ်သမားဈေးကွက်နှေးကွေးကာ စီးပွားရေးကျဆင်းမှုသို့ဦးတည်နိုင်သည့် အန္တရာယ်ရှိနိုင်သည်ဟု  ဗဟိုဘဏ်အရာရှိများကယူဆကြကြောင်း၊ အမေရိကန်အလုပ်သမားဝန်ကြီးဌာနသည်  ဒီဇင်ဘာ လစားသုံးသူဈေးဆနှုန်းနှင့်ပတ်သက်သည့်အစီရင်ခံစာကို ဗဟိုဘဏ်အစည်းအဝေး မကျင်းပမီရက်သတ္တပတ်အလိုတွင် ထုတ်ပြန်မည်ဖြစ်ရာ ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းလျှော့ချမှု အလားအလာကို ခေတ္တဆိုင်းငံ့ထားနိုင်ကြောင်း၊ ထို့အပြင် ဒီဇင်ဘာလအစောပိုင်းတွင်ထုတ်ပြန်မည့် အလုပ် သမားအစီရင်ခံစာအရ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုမြင့်တက်ခဲ့လျှင် စားသုံးသူဈေးဆနှုန်းမြင့်တက်ခြင်းသည် ဟာရီကိန်းမုန်တိုင်းများနှင့် အလုပ်သမားများဆန္ဒပြမှုကြောင့်ဖြစ်ပေါ်လာသည့် သက်ရောက်မှုများအဖြစ်ယူဆလျက် အတိုးနှုန်းလျှော့ချရန် ဆိုင်းငံ့နိုင်ကြောင်း၊ သို့ဖြစ်ရာ ဗဟိုဘဏ်အနေဖြင့်အတိုးနှုန်းကို ဒီဇင်ဘာလတွင် လျှော့ချနိုင်သော်လည်း နောက်သို့ရွှေ့ဆိုင်းခြေလည်းရှိကြောင်း သိရှိရပါသည်။

(ဇစ်မြစ်။    Wall Street Journal)

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: USA