Vietnam

စိုက်ပျိုးမှုဧရိယာ ကျဉ်းမြောင်းလာသည်နှင့်အမျှ ဗီယက်နမ်၏ ကော်ဖီအထွက်နှုန်းမှာ ဆက်လက် ကျဆင်းမည်ဟု မျှော်လင့်

Last Updated:

ကော်ဖီဈေးနှုန်းများ ကာလကြာရှည်စွာ နိမ့်ကျခြင်းကြောင့် တောင်သူအများအပြားသည် အခြားအမြတ်အစွန်းများသော သီးနှံများကို ပြောင်းလဲစိုက်ပျိုးကြခဲ့ကြောင်း၊ ရာသီဥတုဖောက်ပြန်မှု၏ သက်ရောက်မှုနှင့် အတူလာမည့် ကော်ဖီထွက်ရှိချိန်တွင် ကော်ဖီထုတ်လုပ်မှု လျှော့ကျသွားနိုင်ကြောင်း အကောက်ခွန် အွန်လိုင်းမဂ္ဂဇင်းဖော်ပြချက်အရ သိရှိရပါသည်။

ကိုဗစ် ၁၉ သက်ရောက်မှုအပြီး ၃ နှစ်အကြာတွင် ကျင်းပခဲ့သည့် ၂၇ ကြိမ်မြောက် အာရှနိုင်ငံတကာ ကော်ဖီညီလာခံ (Coffee Outlook) ကို ဒီဇင်ဘာ ၅ ရက်နေ့က ဟိုချီမင်းမြို့ကျင်းပရာ နိုင်ငံတကာကော်ဖီအဖွဲ့ (ICO) မှ ကိုယ်စားလှယ် ၁၅၀ ကျော် တက်ရောက်ခဲ့ပြီး၊ ဗီယက်နမ်ရှိ ကော်ဖီထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း၊ တင်သွင်းခြင်းနှင့် တင်ပို့ခြင်းဆိုင်ရာ နယ်ပယ်များတွင် ပါဝင်သည့်နိုင်ငံများ၊ ကော်ပိုရေးရှင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ ဈေးကွက် ကျွမ်းကျင်သူများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ ဆွေးနွေးပွဲသည် စီးပွားရေးလုပ်ငန်းများ အပြန်အလှန်ဖလှယ်ရန်၊ အကြံဉာဏ်များ ဖလှယ်ရန်၊ ချိတ်ဆက်ရန်နှင့် ကမ္ဘာ့တစ်ဝှမ်းရှိ ကော်ဖီထုတ်လုပ်သည့် နိုင်ငံများ၏ ကော်ဖီဈေးကွက်တွင် လက်ရှိထုတ်လုပ်မှု အခြေအနေနှင့် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းများအကြောင်း သတင်းအချက် အလက်ဝေမျှရန်အတွက် ပလက်ဖောင်းတစ်ခုဖြစ်သည်။ တက်ရောက်သူများအနေဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဖိလစ်ပိုင်၊ သြစတြေးလျ ကဲ့သို့သော နိုင်ငံများ၏ ကော်ဖီဈေးကွက်နှင့် စားသုံးမှု အလားအလာတို့ကို လေ့လာနိုင်သည်။

ဆွေးနွေးပွဲတွင် ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း (Vicofa) ဥက္ကဋ္ဌ မစ္စတာငုယင်နမ်ဟိုင်က ၂၀၂၂-၂၀၂၃ ကော်ဖီသီးနှံသည် တောင်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုဖြစ်ကြောင်း၊ ကော်ဖီထုတ်လုပ်ခြင်း၊ စီမံဆောင်ရွက်ခြင်း၊ ပံ့ပိုးပေးခြင်း၊ ဝန်ဆောင်မှုပေးခြင်း၊  သွင်းကုန်ပို့ကုန်လုပ်ငန်းအပါအဝင် ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများသည်  ယခုသီးနှံ နှစ်အတွက် အားသာချက်များထက် အခက်အခဲများကို ပိုမိုဖန်တီးပေးခဲ့ကြောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များသည် ကော်ဖီ၏ထုတ်လုပ်မှု စွမ်းအား၊အထွက်နှုန်းနှင့် အရည်အသွေးတို့ကို ထိခိုက်စေကြောင်း ဖော်ပြထားသည်။

​ကမ္ဘာလုံးဆိုင်ရာ မက်ခရိုစီးပွားရေးပတ်ဝန်းကျင် အဆင်မပြေမှုကြောင့် ၂၀၂၂-၂၀၂၃ သီးနှံ နှစ်တွင် ကမ္ဘာ့ကော်ဖီ တင်ပို့မှုကျဆင်းမည်ဟု မျှော်လင့်ရကြောင်း၊ အဓိက စီးပွားရေးလုပ်ငန်းများတွင် အတိုးနှုန်းမြင့်မားခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် လူနေမှုစရိတ်မြင့်မားခြင်း၊ ရေရှည်အသုံးပြုနိုင်မည့် ဝင်ငွေအဆင့် လျော့စေခြင်းတို့ ဖြစ်ပေါ်စေကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် ကော်ဖီသောက်သုံးမှုသည် အိတ်ပေါင်း ၁၇၈.၅ သန်းသာရှိမည်ဟု ခန့်မှန်းထားပြီး ယခင်သီးနှံ နှစ်နှင့် နှိုင်းယှဉ်ပါက ၁.၇ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

ရာသီဥတု ဖောက်ပြန်ခြင်းနှင့်  ပြင်းထန်သော ရာသီဥတုဖြစ်စဉ်များသည် ကုန်ထုတ်စွမ်းအားနှင့် အရည်အသွေး ကျဆင်းသွားစေခြင်းဖြင့် ကမ္ဘာ့ကော်ဖီထောက်ပံ့မှုကို သိသိသာသာ သက်ရောက်မှုရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းဖြစ်ရပ်များသည် ကော်ဖီထုတ်လုပ်မှု ကျဆင်းသွားစေနိုင်ပြီး ကော်ဖီ၏ အရည်အသွေးကို ထိခိုက်စေနိုင်ကြောင်း၊ အထွက်နှုန်း ကျဆင်းမှုကြောင့် ထောက်ပံ့မှု ပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်သဖြင့် စားသုံးသူများအတွက် ဈေးနှုန်းများ မြင့်မားလာနိုင်ကြောင်း၊ ကော်ဖီလုပ်ငန်းမှ လုပ်ငန်းရှင်များနှင့် တောင်သူလယ်သမားများသည် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။

ဆွေးနွေးပွဲတွင် ဗီယက်နမ်ကော်ဖီနှင့် ကိုကိုးအသင်း (Vicofa)၏ ဒုတိယဥက္ကဋ္ဌ နှင့် Intimex Group ၏ ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌ မစ္စတာဒိုဟာနမ်က နှစ်သစ်ကော်ဖီ ရိတ်သိမ်းရာသီနှင့် ပတ်သက်၍ နိုင်ငံ၏ ကော်ဖီထွက်ရှိမှု၏ ၅၀ ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်မက ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ သို့သော်လည်း အချို့ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရိတ်သိမ်းမှု နှောင့်နှေးမှုများနှင့် ကြုံတွေ့နေရပြီး အထွက်နှုန်းနည်းပါးကြောင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် သီးနှံပြောင်းလဲခြင်းသည် ဒတ်လတ်နှင့် ဒတ်ခ်နောင်း ကဲ့သို့သော ကော်ဖီအဓိကစိုက်ပျိုးသည့် ဒေသများတွင် ကော်ဖီစိုက်ပျိုးမှု ကျဆင်းသွားစေကြောင်း၊ လယ်သမားများသည် ကော်ဖီအစား ဒူးရင်းသီးနှင့် ထောပတ်သီးကဲ့သို့သော အမြတ်အစွန်းများသော သီးနှံများကို စိုက်ပျိုးရန် ရွေးချယ်လာကြကြောင်း၊ ကော်ဖီတစ်ဟက်တာလျှင် အမြတ်ငွေ ဗီယက်နမ်ဒေါင် ၂၀၀ သန်းခန့် ရရှိပြီး ထောပတ်သီးပင်သည် ဗီယက်နမ်ဒေါင် ၁-၁.၅ ဘီလီယံအထိ ထုတ်ပေးနိုင်ကြောင်း၊ Mr. Do Ha Nam ၏ ပြောကြားချက်အရ သိရသည်။ သိသာထင်ရှားသော အမြတ်အစွန်းခြားနားချက်သည် တောင်သူများကို ကော်ဖီပင်များ ဆက်လက်စိုက်ပျိုးရေးအတွက် ဆွဲဆောင်ရန် ပိုမိုခက်ခဲစေသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ဗီယက်နမ်၏ ကော်ဖီဧရိယာသည် လက်ရှိ ဟက်တာ ၇၀၀,၀၀၀ ရှိသော်လည်း လက်တွေ့တွင်မူ ဟက်တာ ၆၀၀,၀၀၀ ကျော်သာရှိနိုင်ကြောင်း မစ္စတာနမ်က ပြောကြားခဲ့သည်။ ထို့ကြောင့် ၂၀၂၃-၂၀၂၄ သီးနှံနှစ်တွင် ဗီယက်နမ်၏ ကော်ဖီအထွက်နှုန်းသည် တန်ချိန် ၁.၆-၁.၇ သန်းခန့် ရှိမည်ဖြစ်ပြီး ၂၀၂၂-၂၀၂၃ သီးနှံနှစ်တွင် တန်ချိန် ၁.၇၈ သန်းနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လျော့ကျသွားဖွယ်ရှိကြောင်း သိရသည်။

ညီလာခံတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်များက ကမ္ဘာ့ကော်ဖီလုပ်ငန်းအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် စိမ်းလန်းသော ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။ ၂၀၂၃-၂၀၂၄ သီးနှံနှစ်အစမှစတင်၍ ကော်ဖီလုပ်ငန်းသည် EUDR (ဥရောပသမ္မဂရှိ သစ်တောပြုန်းတီးမှုနှင့် သစ်တောပြုန်းတီးမှုဆိုင်ရာ စည်းမျဉ်းများ) နှင့်  CBAM (ကာဗွန်နယ်နိမိတ်ပြင်ဆင်ခြင်းကဲ့သို့သော စည်းမျဉ်းစည်းကမ်းများ) နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် ရှင်းလင်းသော အစီအစဉ်ရှိရမည်ဖြစ်ကြောင်းနှင့် အဆိုပါ အစီအစဥ်များကို အကောင်အထည်ဖော်ခြင်းသည် ကော်ဖီလုပ်ငန်း၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုကို နည်းပါးအောင် ပြုလုပ်မည့် ကတိကဝတ်ကို သက်သေပြခြင်းဖြစ်ကြောင်း၊ အဆိုပါအဆင့်များကို အကောင်အထည်ဖော်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်ရန်ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပြုနိုင်ပြီး ကော်ဖီထုတ်လုပ်မှုအတွက် ရေရှည်တည်တံ့သော အနာဂတ်ကို အာမခံနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် နိုင်ငံတကာတွင် ကော်ဖီဈေးကွက် ခိုင်ခိုင်မာမာကို ရရှိထားသော်လည်း ပြည်ပသို့ တင်ပို့မည့် ကော်ဖီပမာဏအား မိမိနိုင်ငံတွင် လုံလောက်အောင် ထုတ်လုပ်စိုက်ပျိုးရန် စိန်ခေါ်မှုအခြေအနေများနှင့် ကော်ဖီထုတ်လုပ်မှု ရေရှည်တည်တံ့ခိုင်မြဲအောင် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေအများအားသိရှိနိုင်ပါရန် ရေးသားတင်ပြအပ်ပါသည်။

 

Sources: Customs News,https://English.haiquanonline.com.vn

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam