USA

AI ကဏ္ဍရှိ ရင်းမြစ်များတိုးမြှင့်ရန် Google ၏ ဝန်ထမ်းရာပေါင်းများစွာကို လျော့ချခဲ့

Last Updated:

AI ကဏ္ဍရှိ ရင်းမြစ်များတိုးမြှင့်ရန် Google ၏ ဝန်ထမ်းရာပေါင်းများစွာကို လျော့ချခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၁၀-၁-၂၀၂၄ ရက်နေ့၌ “Google Trims Hundreds of Jobs as It Marshalls Resources for AI” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

Google အနေဖြင့် ကုမ္ပဏီ၏ကဏ္ဍများစွာရှိ ဝန်ထမ်းရာပေါင်းများစွာကို လျှော့ချခဲ့သည်ဟု ထုတ်ပြန်ခဲ့ပြီး ဤသို့ဝန်ထမ်းလျှော့ချခြင်းသည် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလနောက်ပိုင်းတွင် အသုံးစရိတ်လျှော့ချရေး ဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ ကုမ္ပဏီက Google’s Assistant Program ၊ Hardware နှင့် Internal Software tools ဌာနတို့မှ ဝန်ထမ်းများကို လျှော့ချခဲ့ခြင်း ဖြစ်ကြောင်း၊ လျှော့ချခဲ့သည့် ဝန်ထမ်းအရေအတွက်ကို လတ်တလောထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း၊ Google အနေဖြင့် ကုမ္ပဏီ၏ဦးစားပေးလုပ်ငန်းများနှင့် အခွင့်အလမ်းများသည့် ကဏ္ဍများတွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ Fitbit ကို ပူးတွဲ တည်ထောင်သူများဖြစ်သည့် Mr. James Park နှင့် Mr. Eric Friedman တို့မှာလည်း ကုမ္ပဏီကို ပြန်လည်ဖွဲ့စည်းမည်ဖြစ်သဖြင့် Google မှ ထွက်ခွာမည်ဖြစ် ကြောင်း၊ အမှုဆောင်အရာရှိ Mr. Sundar Pichai ဦးဆောင်နေသော Google ၏ မိခင်ကုမ္ပဏီဖြစ်သည့် Alphabet ကုမ္ပဏီအနေဖြင့် အသုံးစရိတ်များလျော့ချကာ ဉာဏ်ရည်တုကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရန် ကြိုးပမ်း လျက်ရှိပါကြောင်း၊ Amazon ကုမ္ပဏီကလည်း စရိတ်သက်သာ စေရန် ရုပ်ရှင်နှင့်ရုပ်မြင်သံကြား စတူဒီယိုနှင့် Twitch Streaming Platform မှ ဝန်ထမ်းများကို ‌လျှော့ချ သွားမည်ဟု ထုတ်ပြန်ခဲ့ ကြောင်း၊ Alphabet ကုမ္ပဏီသည် ဝန်ထမ်းအားလုံး၏ (၆) ရာခိုင်နှုန်းရှိသော ဝန်ထမ်းဦးရေ (၁၂,၀၀၀) ကို လျော့ချခဲ့ပြီး ဤသို့လျှော့ချခြင်းသည် တစ်နှစ်အတွင်း ဝန်ထမ်းလျှော့ချမှု အများဆုံး ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလကုန်အထိ Google တွင် ဝန်ထမ်းပေါင်း (၁၈၂,၃၈၁) ဦး ရှိပါကြောင်း၊ ဝန်ထမ်းလျှော့ချမှု မတိုင်မီ  Google ကုမ္ပဏီသည် ဝန်ထမ်းပေါင်း (၁၉၀,၇၁၁) အထိ တိုးမြှင့်ခန့်ထားခဲ့ကြောင်း၊ Google ၏ ထိပ်ပိုင်းစီမံခန့်ခွဲသူတစ်ဦးက ကုမ္ပဏီအနေဖြင့် စီမံခန့်ခွဲမှု အလွှာများကို လျှော့ချခြင်းဖြင့် ဆုံးဖြတ်ချက်ချမှတ်ရာတွင် မြန်ဆန်မှုရှိစေရန်နှင့် အဖွဲ့ဝင်များအကြား သတင်းအချက်အလက်များ မြန်ဆန်စွာရရှိစေရန် ဆောင်ရွက်လိုသောကြောင့် ဤသို့လျော့ချခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

 ၂၀၂၄ ခုနှစ်အတွင်း အလုပ်သမားလျှော့ချခဲ့ကြသည့် ကုမ္ပဏီများမှာ အောက်ပါတို့ဖြစ်ကြောင်း သိရှိရပါသည် -

(က)    Google ၏ မိခင်ကုမ္ပဏီဖြစ် သည့် Alphabet သည် အလုပ်သမား ရာပေါင်းများစွာကို လျှော့ချခဲ့ပြီး ထိုသို့လျှော့ချရာတွင်  Assistant Program ၊ Hardware နှင့် Internal Software tools ဌာနတို့မှ ဝန်ထမ်းများပါဝင်ကြောင်း၊

(ခ)     အွန်လိုင်းရောင်းဝယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Amazon သည်လည်း စရိတ်များ သက်သာရန်ရည်ရွယ်၍ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား စတူဒီယို နှင့် Twitch Streaming Platform မှ ဝန်ထမ်းများကို ‌လျှော့ချခဲ့ကြောင်း၊

(ဂ)     ပိုင်ဆိုင်မှုများ စီမံခန့်ခွဲသည့် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီတစ်ခုဖြစ်သော BlackRock ကုမ္ပဏီသည် ကုမ္ပဏီဝန်ထမ်းဦးရေ (၆၀၀)ဦး၊ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်းဝန်ထမ်း ဦးရေ၏ (၃) ရာခိုင်နှုန်းကို လျှော့ချခဲ့ပါကြောင်း၊ BlackRock ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် လည်း အလုပ်သမား (၃) ရာခိုင်နှုန်းလျော့ချခဲ့ပြီးဖြစ်ပါကြောင်း၊

(ဃ)    ဘာသာစကားများသင်ယူနိုင်သည့် ဆော့ဖ်ဝဲလ်ထုတ်လုပ်သောကုမ္ပဏီဖြစ်သော Duolingo သည် Content Creation ပြုလုပ်ရာတွင် ဉာဏ်ရည်တုအသုံးပြုသွားမည် ဖြစ်သဖြင့် ကုမ္ပဏီ ၏စာချုပ်ဝန်ထမ်း (၁၀) ရာခိုင်နှုန်းကို လျှော့ချခဲ့ပါကြောင်း၊

(င)     ဖက်ရှင်ကုမ္ပဏီတစ်ခုဖြစ်သော Rent the Runway ကုမ္ပဏီကလည်း အလုပ်အကိုင် အမျိုးအစားပေါင်း (၃၇) နေရာရှိ စုစုပေါင်းဝန်ထမ်းဦးရေ၏ (၁၀) ရာခိုင်နှုန်းကို လျော့ချခဲ့ပါကြောင်း၊

(စ)     ဗီဒီယိုဂိမ်းကုမ္ပဏီ Unity Software သည် ဝန်ထမ်းပေါင်း (၁,၈၀၀)၊ စုစုပေါင်း ဝန်ထမ်းအား လုံး၏ (၂၅) ရာခိုင်နှုန်းကို အခြားဂိမ်းကုမ္ပဏီများနည်းတူ လျှော့ချခဲ့ပါကြောင်း၊

(ဆ)    Printer ထုတ်လုပ်သည့်ကုမ္ပဏီ Xerox ကလည်း ကုမ္ပဏီဝန်ထမ်းစုစုပေါင်း၏ (၁၅) ရာခိုင်နှုန်းကို လျှော့ချသွားမည်ဖြစ်သည်ဟု သိရှိရပါသည်။

အမေရိကန်နိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ (၃.၇) ရာခိုင်နှုန်းရှိပြီး နှစ်ပေါင်း (၅၀) အတွင်း အနိမ့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့သဖြင့် စီးပွားရေးကျဆင်းမှုအခြေအနေကို ရှောင်လွှဲနိုင်မည်ဟု စီးပွားရေးပညာရှင်အများအပြားက ခန့်မှန်းခဲ့ကြသော်လည်း ၂၀၂၄ ခုနှစ် နှစ်အစပိုင်းတွင် ကုမ္ပဏီ ကြီးအချို့သည် အလုပ်သမားများလျှော့ချခဲ့ကြကြောင်းနှင့် အချို့စီးပွားရေးလုပ်ငန်းများမှာ လျှော့ချ လိုက်သည့် အလုပ်သမားများကို ပြန်လည်ဖြည့်တင်းရန် စဉ်းစားလျက်ရှိကြပါကြောင်း လေ့လာတွေ့ရှိ ရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA