Korea

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိကာလတွင် တောင်ကိုရီးယားနိုင်ငံ၏ ကြွေးမြီသည် အမေရိကန်ဒေါ်လာ ၈၄၂.၃၇ ဘီလီယံအထိရောက်ရှိလာ

Last Updated:

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိစာရင်းအရ တောင်ကိုရီးယားနိုင်ငံ၏ ကြွေးမြီသည် ဝမ် ငွေ ၁,၁၁၀ ထရီလီယံဝမ် (အမေရိကန်ဒေါ်လာ ၈၄၂.၃၇ ဘီလီယံ) နီးပါးအထိ ရောက်ရှိလာသည့် အပြင် ဘဏ္ဍာရေးလိုငွေပြမှုသည် လအလိုက်တိုးတက်မှုရှိလာသည်ဟု စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၁၁-၁-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောစာရင်းဇယားများတွင် ဖော်ပြထားပါ သည်၊  

တောင်ကိုရီးယားနိုင်ငံ၏ ကြွေးမြီကို တိုင်းတာရာတွင် အစိုးရအသုံးစရိတ်အတွက် နိုင်ငံတော်က အစိုးရချေးငွေစာချုပ်များ (State Bonds) ထုတ်၍ ချေးယူထားသောပမာဏဖြင့် တိုင်းတာပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကုန်အထိကာလအထိစာရင်းအရ နိုင်ငံ၏ ကြွေးမြီသည် ဝမ်ငွေ ၁,၁၀၉.၅ ထရီလီယံရှိပါကြောင်း၊ အဆိုပါ ပမာဏသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်အထိ ကာလကထက် ဝမ်ငွေ ၄ ထရီလီယံ ပိုမိုလာကြောင်းနှင့် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းက ထက်လည်း ဝမ်ငွေ ၇၆ ထရီလီယံ ပိုမိုလာခဲ့ပါကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ ၂၀၂၃ ခုနှစ်တစ်နှစ်လုံးအတွက် တောင်ကိုရီးယားနိုင်ငံ၏ ကြွေးမြီကို ဝမ်ငွေ ၁,၁၀၁.၇ ထရီလီယံအထိ ရောက်ရှိမည်ဟု အစိုးရကခန့်မှန်းထားပါသည်။ ၂၀၂၂ ခုနှစ်အတွင်း ဝမ်ငွေ ၁၆၅.၇ ထရီလီယံတန်ဖိုးရှိ အစိုးရချေးငွေစာချုပ်များကို ရောင်းချခဲ့ရ ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။

တင်းကျပ်သောစည်းမျဉ်းများဖြင့် တွက်ချက်ထားသည့် ဘဏ္ဍာရေးအခြေအနေကို ဖော်ပြသော ညွှန်းကိန်းတစ်ခုဖြစ်သည့် Managed Fiscal Balance သည်လည်း ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ လကုန်အထိကာလအထိစာရင်းအရ ဝမ်ငွေ ၆၄.၉ ထရီလီယံလိုငွေပြခဲ့ရာ အောက်တိုဘာလက လိုငွေပြခဲ့သည့် ပမာဏဖြစ်သော ဝမ်ငွေ ၅၂.၂ ထရီလီယံ ထက်ပိုမိုလာခဲ့ကြောင်း၊ အစိုးရက ဝမ်ငွေ ၅၈.၂ ထရီလီယံသာ လိုငွေပြနိုင်သည်ဟု ခန့်မှန်ထားခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနက ပြောကြားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိကာလအတွင်း အစိုးရ၏စုစုပေါင်းဝင်ငွေ (Government’s Total Revenue) သည် ဝမ်ငွေ ၅၂၄.၂ ထရီလီယံရရှိခဲ့ရာ ယခင်နှစ်အလားတူ ကာလကထက် ဝမ်ငွေ ၄၂.၄ ထရီလီယံလျော့နည်းခဲ့ကြောင်း၊ ကုမ္ပဏီများ၏ စွမ်းဆောင်ရည် (Corporate Performances) များ အားနည်းလာသည့်အပြင် အိမ်ခြံမြေဈေးကွက် (Property Market) ကျဆင်းလာခြင်းတို့ကြောင့် အခွန်ငွေ (Tax Revenue) ရရှိမှုတွင် ၄၉.၉ ထရီလီယံ လျော့ နည်းရရှိခဲ့သည့်အတွက် အစိုးရ၏စုစုပေါင်းဝင်ငွေ ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလအထိကာလအတွင်း ကမ္ဘာ့ကပ်ရောဂါနှင့် စပ်လျဉ်းသောစီမံကိန်းများနှင့် အထောက်အပံ့များအတွက် သုံးစွဲမှုလျော့နည်းခဲ့သည့်အတွက် အစိုးရ၏ စုစုပေါင်း အသုံးစရိတ်သည်လည်း ၁၅.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ၅၄၈.၆ ထရီလီယံဝမ်သာ သုံးစွဲခဲ့ပါကြောင်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။ ထို့ပြင် Managed Fiscal Balance သည်လည်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ နိုဝင်ဘာလကုန်အထိကာလအထိ ၁၁ လတာကာလ စာရင်းအရ ဝမ်ငွေ ၆၄.၉ ထရီလီယံလိုငွေပြခဲ့ရာ ၂၀၂၂ ခုနှစ်၊ အလားတူကာလက လိုငွေပြမှုပမာဏဖြစ်သည့် ၉၈ ထရီ လီယံထက် ၃၃.၁ ထရီလီယံ လျော့နည်းလာခဲ့သည်ဟု စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စာရင်းများတွင် ဖော်ပြထားပါသည်။

 

 

Source: https://www.koreatimes.co.kr/www/biz/2024/01/488_366725.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea