India (Kolkata)

နယူးဒေလီမြို့တော်သို့ ချီတက်ဆန္ဒပြရန် စုဝေးရောက်ရှိလာသော တောင်သူလယ်သမားများကို အိန္ဒိယရဲတပ်ဖွဲ့ တားမြစ်

Last Updated:

အိန္ဒိယအစိုးရမှ ကူညီထောက်ပံ့မှုများတိုးမြှင့်ပေးရန် ဖိအားပေးတောင်းဆိုဖို့ နယူးဒေလီမြို့တော်သို့သွားရာ လမ်းမများပေါ်သို့ ချီတက်ဆန္ဒပြရန် စုဝေးရောက်ရှိလာသော တောင်သူလယ်သမားများကို အိန္ဒိယရဲတပ်ဖွဲ့က တားမြစ်ထားကြောင်း Al Jazeera သတင်းဌာန ယခုလ ၁၂ ရက်က ဖော်ပြသည်။

အိန္ဒိယအစိုးရ ဝန်ကြီးများက တောင်သူလယ်သမားများ၏ တောင်းဆိုမှုများဖြစ်သော လွန်ခဲ့သော ၃ နှစ်အကြာက အစိုးမှ ကတိပြုထားသည့် သီးနှံဈေးနှုန်းမြှင့်တင်ပေးရန်ကိစ္စအပေါ် ပြည်ထောင်စုအဆင့် ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၂ ရက်က လျာထားသတ်မှတ်ထားကြောင်း သိရသည်။ လယ်ယာထွက်ကုန်ဈေးကွက်ကို ထိန်းကျောင်းရန် ရည်ရွယ်၍ ပြဌာန်းသတ်မှတ်ခဲ့သည့် အစိုးရ၏ ဥပဒေများအပေါ် ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် ဖိအား ပေးတောင်းဆိုသော ဆန္ဒပြပွဲများပေါ်ပေါက်လာသည့်အတွက် အဆိုပါ ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ထောင်နှင့်ချီအရေအတွက်ရှိသော တောင်သူလယ်သမားများသည် နိုင်ငံ၏ မြို့တော်သို့ သွားရာ လမ်းမကြီးများအပေါ်သို့ စုဝေးရောက်ရှိလာကြသည့်အတွက် ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့ဖူးသော တောင်သူလယ်သမားဆန္ဒပြပွဲများကဲ့သို့ နောက်ထပ်ဆန္ဒပြပွဲများ ထပ်မံပေါ်ပေါက်လာမှု မရှိစေရေးအတွက် အဆိုပါ လမ်းမများကို ယင်းကဲ့သို့ ပိတ်ဆို့ထားခြင်းဖြစ်သည်။

အဆိုပါ တောင်သူလယ်သမားများမှ ချီတက်ဆန္ဒပြမှုသည် အိန္ဒိယနိုင်ငံ၌ လအနည်းအတွင်း ကျင်းပပြုလုပ်သွားရန်ရှိသည့် ပြည်လုံးကျွတ် ရွေးကောက်ပွဲများမတိုင်မီ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အဆိုပါ ရွေးကောက်ပွဲများ၌ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ အစိုးရအနေဖြင့် တတိယအကြိမ်သက်တမ်းအတွက် အနိုင်ရရှိရန် ကျယ်ကျယ်ပြန့်ပြန့်မျှော်လင့်ထားကြောင်း သိရသည်။ ထောက်ခံမဲရရှိရေးအတွက် အိန္ဒိယနိုင်ငံရှိ သန်းနှင့်ချီသော တောင်သူလယ်သမားများက ကြီးစွာသော လွှမ်းမိုးမှုရှိပြီး၊ အနိုင်ရပါတီအနေဖြင့်လည်း ၎င်းတို့၏ထောက်ခံအားပေးမှုရရှိရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အိန္ဒိယနိုင်ငံမြောက်ပိုင်းပြည်နယ်များဖြစ်ပြီး ဂျုံအဓိကစိုက်ပျိုးထုတ်လုပ်ရာ ပန်ဂျပ်ပြည်နယ်နှင့် ဟာယနပြည်နယ်တို့မှ လယ်ထွန်စက်များသည် ဒေလီမြို့တော်သို့ ဦးတည်၍ မောင်းနှင်လျက်ရှိသည်ကို ပြည်တွင်း ရုပ်မြင်သံကြားအစီအစဉ်များ၌ ဖော်ပြထားကြောင်း၊ အိန္ဒိယရဲတပ်ဖွဲ့က သံဆူးကြိုးများ၊ ကွန်ကရစ်တုံးများအပါအဝင် အတားအဆီးများကို မြို့တော်အဝင်လမ်းမများပေါ်၌ချ၍ ပိတ်ဆို့တားမြစ်ထားကြောင်းနှင့် ဒေလီမြို့တော်တစ်ဝိုက်တွင် လူစုလူဝေးပြုလုပ်ခြင်းကို တားမြစ်သည့်အမိန့်အား မြို့တော်ရဲဌာနမှ ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ပြည်ထောင်စုခေါင်းဆောင်များက ကောက်ပဲသီးနှံဈေးနှုန်းများအပေါ် အာမခံချက်ရရှိရေးနှင့် တောင်သူလယ်သမားအား ကူညီထောက်ပံ့မှုများ မြှင့်တင်ရန်၊ အစိုးရအနေဖြင့် လယ်သမားများ ဝင်ငွေနှစ်ဆရရှိရေး ကတိပြုထားချက်အား ပြည့်မှီအောင်ဆောင်ရွက်ရန် စသည်ဖြင့် တောင်းဆိုပြောကြားခဲ့ပြီးနောက် လယ်သမားများက အစိုးရအပေါ် ဖိအားပေးရန် ယခုကဲ့သို့ လမ်းမပေါ်ထွက်၍ ဆန္ဒပြကြခြင်းဖြစ်သည်။

“ကျွန်တော်တို့က ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြမှာပါ။ အဓိကရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ တောင်းဆိုချက်တွေကို အစိုးရမှ နားထောင်ပေးဖို့ပါ။” ဟု ပန်ဂျပ်ပြည်နယ် Kisan Mazdoor Sangharsh ကော်မတီအတွင်းရေးမှူး Sarvan Singh Pandher က ANI သတင်းဌာနသို့ ပြောကြားခဲ့သည်။

အိန္ဒိယအစိုးရက တစ်နှစ်လျင် သီးနှံအမျိုး (၂၀) ကျော်အတွက် ဈေးကွက်ရည်ညွှန်း ဈေးနှုန်းများ သတ်မှတ်နိုင်ရန် အနိမ့်ဆုံးထားရှိရမည့် ဈေးနှုန်းများ (Minimum Support Prices) သတ်မှတ်ပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း ပြည်နယ်အသီးသီးရှိအစိုးရ အဝယ်တော်များက ဆန်နှင့် ဂျုံကိုသာ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါသီးနှံနှစ်မျိုးကို စိုက်ပျိုးထုတ်လုပ်သော လယ်သမား ၆ ရာခိုင်နှုန်းခန့်ကိုသာ အကျိုးအမြတ်ရရှိစေခဲ့သည်ဟုဆိုသည်။

၂၀၂၁ ခုနှစ်က ထောင်ပေါင်းများစွာသော တောင်သူလယ်သမားများသည် ယင်းနှစ်မတိုင်မှီက အိန္ဒိယအစိုးရမှ ပြဌာန်းခဲ့သော ဥပဒေ (၃) ရပ်အပေါ် ပြင်ဆင်ပြဌာန်းပေးရန် တစ်နှစ်ကြာအောင် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အဆိုပါဥပဒေများသည် အိန္ဒိယနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတစ်ရပ်လုံး ခေတ်မှီဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပြဌာန်းခဲ့ခြင်းဖြစ်ကြောင်းနှင့် တောင်သူများအနေဖြင့် ၎င်းတို့၏ ထွက်ကုန်များကို ပိုမိုရွေးချယ်ခွင့်ရှိစွာဖြင့် ရောင်းချနိုင်သည့်အတွက် ဝင်ငွေတိုးတက်စေနိုင်ကြောင်း အစိုးရက ပြောကြားခဲ့သည်။

သို့သော် တောင်သူလယ်သမားများကမူ အဆိုပါ ဥပဒေများသည် လယ်ယာထွက်ကုန် ဈေးကွက်အပေါ် ပုဂ္ဂလိကကုမ္ပဏီကြီးများ၏ ကြီးစိုးချယ်လှယ်မှု တိုးမြင့်စေပြီး အစိုးရမှ အာမခံထားသော ကြမ်းခင်းဈေးနှုန်း (minimum support price-MSP) မှ ၎င်းတို့ရရှိမည့် အကျိုးကျေးဇူးကို ထိခိုက် စေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်မိုဒီဦးဆောင်သော အစိုးရအနေဖြင့် အဆိုပါ အငြင်းပွားဖွယ် ဥပဒေများနှင့် ပတ်သက်၍ ယင်းသို့ ဖိအားပေး တောင်းဆိုလျက်ရှိသည့်အပေါ် ပြန်လည်ပြင်ဆင်သုံးသပ်သွားရန် ရုတ်ချည်းစဉ်းစားဆုံးဖြတ်ခဲ့ဟန်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ကြီးချုပ်မိုဒီဦးဆောင်သော အစိုးရအနေဖြင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးစဉ်ကာလကထားရှိခဲ့သော ကတိကဝတ်များကို ပြည့်မှီအောင် ဆောင်ရွက်ပေးခဲ့ခြင်းမရှိသည့်အပေါ် တောင်သူလယ်သမားများက ဆန္ဒပြတောင်းဆိုလျက်ရှိခြင်းဖြစ်ကြောင်း သုံးသပ်ရရှိပါသည်။ အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရပါတီဖြစ်သော Bharatiya Janata Party (BJP) အနေဖြင့် နောက်ထပ်အစိုးရသက်တမ်း ထပ်မံတိုးမြှင့်နိုင်ရန်အတွက် အများပြည်သူမှ တစ်ခဲနက် ထောက်ခံအားပေးရန် လိုအပ်ပါသည်။

သို့ပါ၍ အိန္ဒိယအစိုးရ ဌာနအသီးသီးမှ ခန့်မှန်းထုတ်ပြန်ချက်များအရ နိုင်ငံရှိ အခြေခံတောင်သူ လယ်သမားထုဦးရေမှာ အရေအတွက် (၃၇) သန်းမှ (၁၁၈) သန်းအကြား ရှိသည့်အတွက် အစိုးရအနေဖြင့် ယခုကိစ္စရပ်အပေါ် သတိကြီးစွာဖြင့် ကိုင်တွယ်ဆောင်ရွက်သွားဖွယ်ရှိကြောင်း သိရှိနိုင်ပါ၍ လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: Al Jazeera သတင်းဌာန၊ “Indian police block roads to halt farmers’ march to New Delhi”

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့)

Category: India (Kolkata)