Korea

တောင်ကိုရီးယားနိုင်ငံတွင် တီထွင်ဆန်းသစ်မှုကို အားပေးရန် အထူးစက်မှုဇုန် (၁၀) ခု တည် ထောင်သွားမည်

Last Updated:

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်အကိုင်ခန့်ထားမှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် အထူးစီးပွားရေးဇုန် (၁၀) ခု ထူထောင်သွားမည်ဟု ၈-၅-၂၀၂၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။ အဆိုပါ စီးပွားရေးဇုန် (၁၀) ခုကို အစိုးရ၏ ထိန်းချုပ်မှုအောက်မှ ကင်းလွတ်စေမည်ဖြစ်ပြီး ယင်းဇုန်များမှ ကုန်စည်အသစ်များထုတ်လုပ်၍ ပြည်ပဈေးကွက်ကို လွှမ်းမိုးနိုင်ရေး အဓိကထားဆောင်ရွက်လိမ့်မည်ဟုမျှော်လင့်ကြောင်း၊ ကမ္ဘာ့ဈေးကွက် စံချိန်စံညွှန်းများနှင့် အညီ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးခြင်းမှအစပြု၍ အာမခံထားပေးသည်အထိ စီမံဆောင်ရွက်မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းဘဏ္ဍာရေးဝန်ကြီး H.E. Choo Kyung-ho က ဆိုးလ်မြို့တွင် ကျင်းပခဲ့သော အစိုးရအဖွဲ့အစည်းများအချင်းချင်းတွေ့ဆုံသည့် အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

ကနဦးအနေဖြင့် လက်ရှိတည်ထောင်ပြီးဖြစ်သော အစိုးရ၏ထိန်းချုပ်မှုအောက်မှ ကင်းလွတ်ပေးထားသည့် အထူးစီးပွားရေးဇုန် (၂) ခု သို့မဟုတ် (၃) ခုကို အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး အဆိုပါဇုန်တစ်ခုစီသည် မတူညီသောအနာဂတ် နည်းပညာများဖြစ်သည့် မှတ်ဉာဏ်တု(Artificial Intelligence)၊ ရွေ့လျှားသွားလာမှု၊ ဇီဝနည်းပညာနှင့် ပိုမိုခေတ်မီသည့် နည်းပညာများစသည်တို့ကို ဖန်တီးထုတ်လုပ်ပေးသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E. Choo Kyung-ho က ပြောကြားခဲ့ပါသည်။

ထူထောင်သွားမည့် အထူးစီးပွားရေးဇုန် (၁၀) ခုအနက်တစ်ခုကို ဇီဝနည်းပညာကဏ္ဍအတွက် သီးသန့်ထားရှိမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်ရှိ ဇီဝနည်းပညာကုမ္ပဏီများ စုဝေးတည်ထောင်ထားသည့်နေရာဖြစ်သည့် Boston Biotech Cluster အောင်မြင်ရသည့် နောက်ကွယ်ကအကြောင်းရင်းများကို လေ့လာသွားပြီး အလားတူကမ္ဘာ့တီထွင်ဖန်တီးမှုဆိုင်ရာ အထူးဇုန်တစ်ခုကို တောင်ကိုရီးယားနိုင်ငံတွင်ထူထောင်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E. Choo Kyung -ho က ပြောကြားခဲ့ပါသည်။

ဘော်စတွန်သည် ဇီဝနည်းပညာ ဗဟိုအချက်အချာတစ်ခုဖြစ်ပြီး ကမ္ဘာ့ဆေးဝါး ကုမ္ပဏီများ၊ သုတေသနစမ်းသပ်ခန်းများနှင့် အဓိကအဖွဲ့အစည်းများရှိရာ နေရာတစ်ခုဖြစ်ပါကြောင်း၊ သမ္မတယွန်ဆုခ်ယော်ကလည်း တောင်ကိုရီးယားနိုင်ငံအတွင်း ဇီဝနည်းပညာကဏ္ဍကို အထောက်အပံ့ ပေးရန် တောင်ကိုရီးယားနိုင်ငံ၏မူနှင့် ကိုက်ညီသည့်အစုအဖွဲ့တစ်ခု ထူထောင်ပေးသွားရန် အစိုးရမှစဉ်းစားထားသည်ဟု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့ပါကြောင်း၊ သမ္မတယွန်း၏ အမေရိကန်ပြည်ထောင်စုသို့သွားရောက်သည့် ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား လျှပ်တစ်ပိုင်းကူးပစ္စည်းများကဏ္ဍ (Semiconductor Industry) တွင်သာမက အဆင့်မြင့်နည်းပညာနှင့် ယဉ်ကျေးမှုကဏ္ဍတို့တွင်လည်း ပူးပေါင်းဆောင်ရွက်မှုခိုင်မာစေရန် အခြေခံများတည်ဆောက်ခဲ့ကြပြီး ဖြစ်သည့်အတွက် လိုအပ်သောစီမံဆောင်ရွက်မှုများပြုလုပ်၍ အဆိုပါခရီးစဉ်၏ရလဒ်များအား မြင်သာထင်သာရှိလာအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E. Choo Kyung -ho က ပြောကြားခဲ့ပါသည်။

 

 

Source: The Korea Herald 

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea