Thailand

ထိုင်းစက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(FTI)၏ ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ ပို့ကုန်အလား အလာ

Last Updated:

အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းတိုးမြှင့်ခြင်းနှင့် ဆောင်းရာသီအတွင်း ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနိုင်ခြင်းတို့ကြောင့် ယခုနှစ် ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၂ ရာခိုင်နှုန်း ထက်ပင် ပိုမိုကျုံ့နိုင်ကြောင်း၊ Joint Standing Committee on Commerce, Industry and Banking (JSCCIB) ၏ ပို့ကုန်တိုးတက်မှုနှုန်းကို (-) ၂ ရာခိုင်နှုန်း ဖြစ်မည်ဟု ခန့်မှန်းချက် ထုတ်ပြန်ပြီးနောက် ထိုင်းစက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (FTI)၏ ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားလိုက်ပါသည်။ 

အမေရိကန်ဗဟိုဘဏ်သည် နိုင်ငံအတွင်း ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ၎င်း၏အတိုးနှုန်းကို ၅.၂၅ ရာခိုင်နှုန်းနှင့် ၅.၅ ရာခိုင်နှုန်းအတွင်း ဆက်လက်တိုးမြှင့်နိုင်ကြောင်း၊ ယင်းသို့ မြင့်တက်လာသည့် အတိုးနှုန်း၊ ဆောင်းရာသီအတွင်း မြင့်တက်လာမည့် စွမ်းအင်ဝယ်လိုအားနှင့်လိုက်၍ မြင့်တက်လာမည့် စွမ်းအင်ဈေးနှုန်းများသည် ပြည်သူများ၏ ဝယ်ယူမှုစွမ်းအားအပေါ် သက်ရောက်နိုင်ကြောင်း၊ ပို့ကုန်အပေါ်တွင်လည်း ရိုက်ခတ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်အတွင်း ကမ္ဘာ့ပို့ကုန်သည် အလားအလာမကောင်းပါကြောင်း၊ ခရစ္စမတ်နှင့် နှစ်သစ်ကူးအတွက် ကုန်ပစ္စည်းအမှာများ မြင့်တက်လာနိုင်သော်လည်း ပို့ကုန်တိုးမြှင့်စေရန်အတွက်မူ ခက်ခဲနိုင်ပါကြောင်း၊ ပို့ကုန်ဆိုင်ရာ အကောက်ခွန်ရှင်းလင်းမှု တန်ဖိုးသည် ၉ လဆက်တိုက် ကျဆင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖြစ်ပါကြောင်း Mr. Kriengkrai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ရေနံဈေးနှုန်းသည် မြင့်တက်လာနိုင်ကြောင်း၊ အကြောင်းအရင်းမှာ ဆော်ဒီအာရေဗျက ရေနံဈေးနှုန်းကို မြှင့်တင်လိုသဖြင့် စက်တင်ဘာလကုန်တွင် ရေနံထုတ်လုပ်မှုကို ၁ ရက်လျှင် စည် ၁ သန်းခန့် ဖြတ်တောက်ရန် တဖတ်သက်ဆုံးဖြတ်လိုက်ပါကြောင်း၊ ယင်းကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် စွမ်းအင်ကုန်ကျစရိတ်ကို ထိန်းချုပ်ရန် ဖိအားများ ဖြစ်စေကြောင်း၊ စွမ်းအင်ကိစ္စရပ်နှင့် အိမ်ထောင်စုများတွင် ကြွေးမြီများ မြင့်တက်နေခြင်းတို့သည် အစိုးရသစ်အနေဖြင့် အရေးတကြီးကိုင်တွယ်ရမည့် ကိစ္စရပ်များဖြစ်ကြောင်း Mr. Kriengkrai က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

(ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand