Phillippines

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဝယ်လိုအား ကျဆင်းလာမှုကြောင့် တင်သွင်းမှုကျဆင်းနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဝယ်ယူမှုသည် ၂၀၂၄ ခုနှစ်အတွင်း ကျဆင်းလာသည့်အတွက် တင်သွင်းမှုကျဆင်းနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဝန်ကြီး ဌာနမှပြောကြားခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဗီယက်နမ်နိုင်ငံမှ ဆန်ဝယ်ယူမှု နှေးကွေးလာခြင်းကြောင့် ၂၀၂၄ ခုနှစ်အတွက် မူလခန့်မှန်းခဲ့သည့် ဆန်တင်သွင်းမှုတန်ချိန် ၄.၇ မက်ထရစ်တန်အစား ၄.၆ မက်ထရစ်တန်သို့ လျှော့ချပြီး ခန့်မှန်းခဲ့ပါကြောင်း ဖော်ပြထားပါသည်။

သို့သော် ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းသည့် ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ဆက်လက် ရပ်တည်လျက်ရှိပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသို့ ဗီယက်နမ်နိုင်ငံမှ ဆန်တင်သွင်းမှုသည် စုစုပေါင်း ဆန်တင်သွင်းမှု၏ ၇၄% ဖြင့် မက်ထရစ်တန်ချိန် ၁.၈ သန်းထိရှိကြောင်း၊ ထိုင်းနိုင်ငံမှ ၃၅၈,၇၂၇ မက်ထရစ်တန်၊ ပါကစ္စတန်နိုင်ငံမှ ၁၅၄,၅၂၃ မက်ထရစ်တန်နှင့် မြန်မာနိုင်ငံမှ ၆၆,၆၄၀ မက်ထရစ်တန်ဖြင့် အသီးသီးရှိပြီး ကျန်ရှိသည့် ပမာဏမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ကမ္ဘောဒီးယား၊ အီတလီနှင့် စပိန်တို့မှ တင်သွင်းခဲ့ခြင်းဖြစ်ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ၂၀၂၂ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃.၈၂ သန်း တင်သွင်းခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၃.၆ သန်းသို့ လျော့ကျခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင်လည်း ၂၀၂၃ ခုနှစ်က တင်သွင်းမှုထက် ကျော်လွန်မည်မဟုတ်ကြောင်း ဖိလစ်ပိုင် စိုက်ပျိုးရေးဝန်ကြီးဌာနမှ ခန့်မှန်းထားပါသည်။ ဖိလစ်ပိုင်နှင့် ဘရာဇီးလ်တို့၏ တင်သွင်းမှု လျော့ကျခြင်းကြောင့် ကမ္ဘာ့ဆန်တင်သွင်းမှု ပမာဏသည်လည်း လျော့ကျနိုင်ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနမှ ခန့်မှန်းတွက်ချက်ထားပါကြောင်း၊ စပါးစိုက်ပျိုးသည့် နိုင်ငံများမှ အထွက်နှုန်း လျော့ကျလာခြင်းကြောင့် ဆန်ထုတ်လုပ်ထွက်ရှိမှုသည်လည်း လျော့ကျလာနိုင်ကြောင်းနှင့် ဗီယက်နမ်၊ မလေးရှား၊ မြန်မာနိုင်ငံတို့၏ အထွက်နှုန်းလျော့နည်းလာခြင်းကလည်း ကမ္ဘာ့ဆန် ထုတ်လုပ်နိုင်မှုပမာဏအား လျော့ကျစေနိုင်ပါကြောင်း ဖော်ပြပါရှိပါသည်။

ပြည်တွင်း ဆန်ထုတ်လုပ်ရရှိမှုသည် ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့သည့် မက်ထရစ်တန်ချိန် ၁၂.၃ သန်းနှင့် နှိုင်းယှဉ်မည်ဆိုပါက ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချပေးခဲ့သော်ငြားလည်း ၂၀၂၄ ခုနှစ်တွင် မက်ထရစ်တန်ချိန် ၁၂.၇ သန်းထိ တိုးမြင့်ထွက်ရှိ နိုင်ကြောင်း ခန့်မှန်းထားပါသည်။ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ဖိလစ်ပိုင်နိုင်ငံ၏ စပါး (Unmilled rice) ထွက်ရှိမှုသည် ၂၀၂၃ ခုနှစ်၊ အလားတူကာလက မက်ထရစ်တန်ချိန် ၉.၀၂၆ သန်းဖြစ်သဖြင့် နှိုင်းယှဉ်မည်ဆိုပါက ၅.၅% ခန့်ပမာဏလျော့ကျ၍ မက်ထရစ်တန်ချိန် ၈.၅၃ သန်းထိသာ ထွက်ရှိခဲ့ကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်လက်ကျန်ပမာဏသည် မက်ထရစ်တန်ချိန် ၃.၆ သန်းနှင့် စားသုံးမှု ပမာဏသည် မက်ထရစ်တန်ချိန် ၁၇.၃ သန်းဖြင့် ပြည်တွင်းဖူလုံမှုရှိနေမည်ဖြစ်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာနမှ ပြောကြားခဲ့ပါသည်။ ဗီယက်နမ်၊ ကင်ညာနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ လျော့ကျခဲ့သည့် အချက်အလက်များအပေါ် အခြေခံ၍ ကမ္ဘာ့ဆန်စားသုံးမှု ပမာဏသည်လည်း လျော့ကျမည်ဖြစ်ကြောင်း ခန့်မှန်းပြောကြားခဲ့ပါသည်။

ဈေးကွက်မတည်ငြိမ်မှုများကြောင့် ဆန်တင်ပို့နေသည့် အာရှနိုင်ငံများသည် ၎င်းတို့၏ ဆန်ဈေးနှုန်း (ရည်ညွှန်းဈေးနှုန်း) များကို ကွာဟချက် (Price Range) အနည်းငယ်သာ ပေးထားကြပါကြောင်းနှင့် ဗီယက်နမ်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၉ ရှိရာမှ ၇ ဒေါ်လာ မြင့်တက်ခဲ့ပါကြောင်း၊ အလားတူ ထိုင်းနိုင်ငံသည်လည်း အမေရိကန်ဒေါ်လာ ၅၇၃ မှ ၂ ဒေါ်လာ မြင့်တက်ခဲ့ပါကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ အကန့်အသတ်မျှသာ ဝယ်ယူမှုရှိခဲ့ပါသည်။ တချိန်တည်းမှာပင် ပါကစ္စတန်နိုင်ငံ၏ ဆန်ဈေးနှုန်းမှာ ဝယ်လိုအား ကျဆင်းလာမှုကြောင့် မက်ထရစ်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၅၅ ရှိရာမှ ၃၃ ဒေါ်လာကျဆင်းခဲ့ပါကြောင်း ဖော်ပြထားပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင်း ဆန်တန်ချိန်စုစုပေါင်း မက်ထရစ်တန် ၃.၆ သန်းကျော် တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံမှ တတိယတင်သွင်းမှုအများဆုံးနိုင်ငံအဖြစ် မက်ထရစ် တန်ချိန် ၁၅၁,၁၈၃ တန် တင်သွင်းခဲ့ပါကြောင်း၊ ၈-၈-၂၀၂၄ ရက်စွဲပါ ဖိလစ်ပိုင်စိုက်ပျိုးရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ စုစုပေါင်းဆန်မက်ထရစ် တန်ချိန် ၂.၅ သန်းကျော်ထိ တင်သွင်းခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ မက်ထရစ်တန်ချိန် ၆၆,၆၄၀ တင်သွင်းခဲ့၍ စတုတ္ထနေရာတွင် ရပ်တည်လျက်ရှိပါသည်။ ဗီယက်နမ်မှ တန်ချိန် ၁.၉ သန်းကျော်၊ ထိုင်းနိုင်ငံမှ တန်ချိန် ၃ သိန်းကျော်၊ ပါကစ္စတန်နိုင်ငံမှ တန်ချိန် တစ်သိန်းခွဲကျော်တို့ တင်သွင်းခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိပါသည်။

အစိုးရမှ ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်နေခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချနိုင်စေရန် ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချပေးခြင်းကို ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် နိုင်ငံသားများ သင့်တော်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်စေရန်အတွက်  ဆန်တစ်ကီလိုလျှင် ၂၉ ပီဆို (၀.၅၀ အမေရိကန်ဒေါ်လာ) ဖြင့် ရောင်းချပေးသည့် အစီအစဉ်အား ပြီးခဲ့သည့် ဇူလိုင်လက ဆောင်ရွက်ပေးခဲ့ခြင်းမှာ အောင်မြင်သဖြင့် ယခုထပ်မံ၍ Rice for All Program အား ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆန်တင်သွင်းသူများနှင့် ဆန်ကုန်သည်များထံမှ ဆန်များကို တစ်ကီလိုလျှင် ၄၅ ပီဆို (၀.၇၈ အမေရိကန်ဒေါ်လာ) ဖြင့် လူတစ်ဦးလျှင် တစ်ရက်ဆန် ၂၅ ကီလိုကန့်သတ်၍ သတ်မှတ်ထားသည့်နေရာများတွင် အပတ်စဉ် ကြာသပတေး၊ သောကြာနှင့် စနေနေ့များ၌ ရောင်းချပေးသွားမည်ဖြစ်ပါသည်။

 

 

Source: https://www.manilatimes.net/2024/08/14/business/top-business/usda-lowers-rice-import-forecast-as-purchases-slow/1964069

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်မြို့)

Category: Phillippines