Vietnam

၂၀၂၄ ခုနှစ်တွင် ပို့ကုန်ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၃၇၇ ဘီလီယံရှိမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoIT) သည် ၂၀၂၄ ခုနှစ်တွင် ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၃၇၇ ဘီလီယံရရှိရန်နှင့်ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံ ရှိလာမည်ဟု ခန့်မှန်းထားကြောင်း VN Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ရည်မှန်းချက်ပန်းတိုင်သို့ရောက်ရှိရန် ဗီယက်နမ်၏ လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ (FTAs) ကို ထိထိရောက်ရောက် အသုံးချကာ စျေးကွက်များ၊ ပို့ကုန်ထုတ်ကုန်များနှင့် ထောက်ပံ့ရေးကွင်းဆက်များ ချဲ့ထွင်ရန် သဘောတူညီချက် အသစ်များကို အကောင်အထည်ဖော်ရန် အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အိမ်နီးချင်းစျေးကွက်များနှင့် လားအလာရှိသောစျေးကွက်များတွင် ကုန်အမှတ်တံဆိပ်များ တည်ဆောက်ခြင်းနှင့် ရေရှည်တည်တံ့သော ပို့ကုန်မြှင့်တင်ခြင်းများအတွက်  ကုန်သွယ်မှုမြှင့်တင်ရေးအစီ အစဉ်များ၏ ထိရောက်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ စုစုပေါင်း ပို့ကုန်ဝင်ငွေသည် ယခင်နှစ်က အမေရိကန်ဒေါ်လာ ၃၅၅.၅ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ကုန်စည်တင်ပို့မှုတန်ဖိုးမှာ ပို့ကုန် ၃၅ မျိုးမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်ရရှိပြီး ကုန်ပစ္စည်းခုနစ်ခုမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိကြောင်း ဖော်ပြထားပါသည်။

ဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ် ပို့ကုန်ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ဗီယက်နမ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်များကို အသုံးချခြင်း၊ စျေးကွက်ချဲ့ထွင်ခြင်းနှင့် ထိရောက်သော ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်များမှတစ်ဆင့် ရေရှည်တည်တံ့သော ပို့ကုန်များကို မြှင့်တင်ရန်ဖြစ်ကြောင်းသုံးသပ်ရပါသည်။

 

 

Source : Viet Nam Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam