Vietnam

အပျော်စီးသင်္ဘောဖြင့် ခရီးသွားလုပ်ငန်းသည် ၂၀၂၄ ခုနှစ်တွင် အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု ခန့်မှန်း

Last Updated:

ဗီယက်နမ်သို့ နှစ်သစ်အစောပိုင်းကာလများမှပင် အပျော်စီးသင်္ဘောအများအပြား လာရောက်လည် ပတ်ခဲ့ကြပြီးဖြစ်ရာ နိုင်ငံအတွက် အပျော်စီးသင်္ဘော ခရီး သွားလုပ်ငန်း အရှိန်အဟုန်ဖြင့် တိုးတက်လာမည့် အနေအထားဖြစ်ကြောင်း VN Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသ Khanh Hoa ပြည်နယ်ရှိ ညချမ်းမြို့သို့ Spectrum of the Seas ဖြင့် နိုင်ငံခြားခရီးသွား ၃,၅၀၀ ကို ခေါ်ဆောင်လာခဲ့ပြီး Celebrity Solstice ဖြင့် ဒီဇင်ဘာလအတွင်း (၄) ကြိမ်နှင့် ယခုလအတွင်း (၁) ကြိမ် လာရောက်ခဲ့ပြီး မတူညီသောဒေသများသို့ နိုင်ငံခြားခရီးသွား ၃,၀၀၀ ကျော် ခေါ်ဆောင်လာခဲ့ကြောင်း ဖော်ပြထားသည်။

Thua Thien-Hue ပြည်နယ်ရှိ Chan May ဆိပ်ကမ်း၏ ညွှန်ကြားရေးမှူးချုပ် Huynh Van Toan က ခရီးသည် စုစုပေါင်း ၆၀,၀၀၀ နီးပါးရှိသော အပျော်စီးသင်္ဘော ၃၂ စီးသည် ယခုနှစ်တွင် ဆိပ်ကမ်းတွင် ဆိုက်ရောက်ရန် စာရင်းသွင်းထားကြောင်း၊ တစ်ချိန်တည်းတွင် ခရီးသည် ၄၀,၀၀၀ ခန့်ရှိသော နိုင်ငံတကာ အပျော်စီးသင်္ဘော ၄၅ စီးသည် ဒါနန်းမြို့လယ်ရှိ ဒါနန်းဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မှတ်ပုံတင်ထားကြောင်း သိရှိရပါသည်။

ဒါနန်း ခရီးသွားလာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Tan Van Vuong က ဒါနန်းမြို့အနေဖြင့် အပျော်စီးခရီးသွားလုပ်ငန်းကို ခရီးသွားများ၏ အဓိကရင်းမြစ်အဖြစ် မှတ်ယူပြီး ဆိပ်ကမ်းများတွင် ပိုမိုရင်းနှီးမြှုပ်နှံကာ ဧည်သည့်များကို ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ဆောင်ရွက်ထားကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံသို့ အပျော်စီးသင်္ဘောလာရောက်လည်ပတ်မှု တိုးလာခြင်းသည် နိုင်ငံ၏ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းအတွက် အပြုသဘောဆောင်ပြီး ဒေသတွင်း ခရီးသွားလုပ်ငန်းနှင့် စီးပွား ရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။ အပျော်စီးသင်္ဘောလိုင်းများမှ ပေးဆောင်သည့် အခွန်အခများနှင့် အခကြေးငွေများမှတစ်ဆင့် နိုင်ငံ၏စီးပွားရေးအတွက် သိသာထင်ရှားသော အကျိုးကျေးဇူးများကို ဆောင်ကြဉ်းပေးနိုင်သကဲ့သို့ လုပ်ငန်းအမျိုးမျိုးတွင် အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်ပြီး နိုင်ငံတစ်နိုင်ငံ၏ အလုပ်အကိုင်နှုန်းနှင့် စီးပွားရေးဖွံဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ပါသည်။  ဗီယက်နမ်၏ အပျော်စီးခရီးသွား လုပ်ငန်းတိုးတက်မှုသည် ခရီးသွားလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍနှစ်ခုလုံးအတွက် အလားအလာကောင်း တစ်ခုဖြစ်ကြောင်း သုံးသပ်တင်ပြရပါသည်။

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam