Vietnam

ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ဓာတ်မြေသြဇာများအပေါ် တန်ဖိုးဖြည့်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံရန် အဆိုပြု

Last Updated:

ဗီယက်နမ်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ဓာတ်မြေသြဇာအပေါ်တန်ဖိုးဖြည့်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံသွားရန် အဆိုပြုတင်ပြထားပြီး တန်ဖိုးဖြည့်ခွန်ဥပဒေတွင် ဖော်ပြထားသည့် လက်ရှိအခွန်ကင်းလွတ် ခွင့်ပြုထားသည့် အခြေအနေများမှ နုတ်ထွက်ရန် အဆိုပြုထားကြောင်း The Sigon Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။
လက်ရှိအခွန်စနစ်အရ ဓာတ်မြေသြဇာသည် အခွန်မကျသင့်သည့် အမျိုးအစားအောက်တွင်ရှိသည့်အတွက် အဆိုပါကဏ္ဍရှိစီးပွားရေးလုပ်ငန်းများအနေဖြင့် တန်ဖိုးဖြည့်ခွန်နှင့်ပတ်သက်၍ ကြေညာခြင်း သို့မဟုတ် ခုနှိမ်ခြင်းမပြုလုပ်နိုင်ကြောင်း၊ အဆိုပါကန့်သတ်ချက်သည် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အမြတ် အစွန်းများအပေါ် သက်ရောက်မှုရှိကြောင်း ဖော်ပြထားသည်။
ဝန်ကြီးဌာန၏အဆိုအရ အဆိုပြုထားသည့် အခွန်စည်းကြပ်မှု ပြုပြင်ပြောင်းလဲမှုသည် ပြည်တွင်း ဓါတ်မြေဩဇာထုတ်လုပ်မှုကို ပြည်ပတင်သွင်းသည့် ဓါတ်မြေဩဇာများနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်အတွက် အရေးကြီးကြောင်း သိရှိရပါသည်။
ပြည်ပမှ ဓါတ်မြေသြဇာတင်သွင်းသူများသည် ၎င်းတို့၏ သွင်းကုန်များပေါ်တွင် ပေးဆောင်ထားသည့် တန်ဖိုးဖြည့်ခွန်များအတွက် ပြန်အမ်းငွေ ပြန်လည်တောင်းခံနိုင်သည်ဖြစ်ရာ စျေးနှုန်း ချိုသာစွာဖြင့် ရောင်းချနိုင်ပြီး ယှဉ်ပြိုင်မှုအားသာချက်ကို ရရှိစေနိုင်ပါသည်။ ဓာတ်မြေသြဇာ တင်သွင်းရာတွင် တန်ဖိုးဖြည့်ခွန်ထက် သွင်းကုန်အခွန်များ ပေးဆောင်ရသောကြောင့် အစိုးရသည် သွင်းကုန်အဆင့်တွင် တန်ဖိုးဖြည့်ခွန်များ လက်လွတ်သွားစေနိုင်သည်။
စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ပြည်တွင်းဓါတ်မြေဩဇာ ထုတ်လုပ်သူများသည် ဓါတ်မြေ ဩဇာများကို တန်ဖိုးဖြည့်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံမည့် အမျိုးအစားအဖြစ် ပြန်လည် အမျိုးအစားခွဲရန် အကြံပြုထားသည်။
စိုက်ပျိုးရေးထုတ်လုပ်မှုတွင် ဓာတ်မြေသြဇာ၏ အရေးပါမှုကို နိုင်ငံအများအပြားက အသိအမှတ်ပြုကြပြီး ၎င်းတို့အတွက် သင့်လျော်သော အခွန်မူဝါဒများကို အကောင်အထည်ဖော်နေသည့် အချက်က စိုက်ပျိုးရေးထုတ်လုပ်မှုတွင် ၎င်းတို့၏ အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထိုင်း၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်၊ ပါကစ္စတန်နှင့် အမေရိကန်တို့တွင် ဓါတ်မြေသြဇာအပေါ် တန်ဖိုးဖြည့်ခွန် ကင်းလွတ်ခွင့်ပြုထားသည်။ အပြန်အလှန်အားဖြင့် တရုတ်၊ ရိုမေးနီးယား၊ ခရိုအေးရှားနှင့် အိန္ဒိယတို့ကဲ့သို့သော နိုင်ငံများတွင်ထုတ်ကုန်များအပေါ် အခွန်နှုန်းထားများကို နိမ့်များဖြင့် ကောက်ခံလျက်ရှိပြီး မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေးသွင်းအားစုအတွက် နိုင်ငံအသီးသီးက အခွန်ကောက်ခံမှုအပေါ် ချဉ်းကပ်သည့် ကွဲပြားသောနည်းလမ်းများကို ရောင်ပြန်ဟပ်စေပါသည်။ 
အဆိုပြုချက်အပေါ် အတည်ပြုပါက ဓာတ်မြေသြဇာ ဝယ်ယူသူများအနေဖြင့် တန်ဖိုးဖြည့်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်သည်။ ဓာတ်မြေသြဇာအပေါ် အဆိုပါ အခွန်အသစ်တစ်ခု စတင်လိုက်သောအခါ ရောင်းချသူများသည် အခွန်အသစ်အတွက် ၎င်းတို့၏စျေးနှုန်းများကို ချိန်ညှိခြင်းကြောင့် စျေးကွက်တွင် အပြောင်းအလဲများ ရှိလာနိုင်ကြောင်း၊ ရောင်းချသူများသည် စျေးကွက်တွင် စျေးနှုန်းအပြိုင်အဆိုင်ရှိနေရန် ကြိုးပမ်းနေသောကြောင့် အဆိုပါစျေးနှုန်းများ ပြုပြင်ပြောင်းလဲမှုသည် နောက်ဆုံးတွင် ဝယ်ယူသူများအတွက် အကျိုးရှိနိုင်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်းဖော်ပြထားပါသည်။

 

 

Source: The Saigon Times 
(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam