Vietnam

၂၀၂၃ ခုနှစ်အတွင်း ဗီယက်နမ်နိုင်ငံတွင် မော်တော်ယာဉ်ရောင်းအား ၂၇.၄ ရာခိုင်နှုန်းကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းတွင် ကားအသစ်ဝယ်ယူမှု ၃၆၉,၄၀၀ ကျော်မှ ၂၂၉,၆၉၈ အထိ ကျဆင်းသွားကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ရောင်းအားသည် ၂၇.၄ ရာခိုင်နှုန်း သိသိသာသာ ကျဆင်းသွားကြောင်း The Sigon Times အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

ဗီယက်နမ် မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း (VAMA) ၏ အဖွဲ့ဝင် ကုမ္ပဏီများသည် ၂၀၂၃ ခုနှစ်အတွင်း ကားစီးရေ ၃၀၂,၀၀၀ ရောင်းချခဲ့ရကြောင်း၊ VAMA ၏အချက်အလက်များအရ တစ်နှစ်ထက်တစ်နှစ် ၂၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားပါသည်။

VAMA အဖွဲ့ဝင်များအကြား ဒီဇင်ဘာလအတွင်း စုစုပေါင်း ကားရောင်းအားသည် ၃၉ ရာခိုင်နှုန်းနှင့် နိုဝင်ဘာလတွင် အစီးရေ ၃၈,၇၄၀ အထိ တိုးလာကြောင်း၊ ယခုလအတွင်း ခရီးသည်တင်ကား ၃၂,၁၃၀ စီးနှင့် လုပ်ငန်းသုံးကား ၆၄၀၀ ကျော်ရောင်းချရကြောင်း၊ ပြီးခဲ့သည့်လအတွင်း အဆင့်မြင့်ကားစီးရေ ၂၀၀‌ ရောင်းချရကြောင်း၊ ရာခိုင်နှုန်းအားဖြင့် တစ်လပြီးတစ်လ ၄၃ ရာခိုင်နှုန်းနှင့် ၉ ရာခိုင်နှုန်းအသီးသီး တက်သွားကြောင်း သိရှိရပါသည်။

ဒီဇင်ဘာလတွင် ပြည်တွင်း၌ တပ်ဆင်ထားသော မော်တော်ယာဉ်များ ရောင်းချမှုသည် ပြီးခဲ့သည့်လထက် အစီးရေ ၂၄,၀၀၀ ကျော်အထိ ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ အပြီးအစီး တပ်ဆင်ထားသော (CBU) မော်တော်ယာဉ်များ တင်သွင်းရောင်းချခြင်းတွင် ရောင်းအားမှာ အစီးရေ ၁၄၇၀၀ နီးပါးအထိရှိပြီး ၄၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ ယခုနှစ်ကုန်တွင် ရောင်းအား မြင့်တက်လာရခြင်းမှာ ဈေးဝယ်ရာသီနှင့် ပြည်တွင်း၌ တပ်ဆင်သည့် ကားများအတွက် မှတ်ပုံတင်ခ ၅၀ ရာခိုင်နှုန်း လျှော့ချခြင်းများကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။

 VAMA အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်အတွင်း ၃၀,၉၈၉ စီးကို ရောင်းချခဲ့ပြီး ခရီးသည်သုံး၊ လုပ်ငန်းသုံးနှင့်အထူးယာဉ်များ ရောင်းချမှုတွင် ၂၇ ရာခိုင်နှုန်း၊ ၁၆ ရာခိုင်နှုန်းနှင့် ၅၆ ရာခိုင်နှုန်း အသီးသီးကျဆင်းသွားခဲ့ကြောင်း၊ အတိအကျဖော်ပြရပါက ပြည်တွင်းမှာ တပ်ဆင်ထားသည့် ကားစီးရေ ၁၈၁,၃၈၀ နှင့် CBU ကားအစီးရေ ၁၂၀,၆၀၀ သာရောင်းချခဲ့ရပြီး ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀ ရာခိုင်နှုန်းနှင့် ၃၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း၊ VAMA အဖွဲ့ဝင်မဟုတ်သော ကားထုတ်လုပ်သည့် Hyundai Thanh Cong Vietnam Auto Manufacturing Corporation သည် ၂၀၂၃ ခုနှစ်တွင် အစီးရေ ၆၇,၄၅၀ ရောင်းချရကြောင်း အစီရင်ခံစာတင်ပြခဲ့ပါသည်။ တစ်နိုင်ငံလုံးအနေဖြင့် ကားစီးရေ ၃၆၉,၄၇၉ စီးအထိ ရောင်းချခဲ့ရကြောင်း ဖော်ပြထားပါသည်။

အဆိုပါကိန်းဂဏန်းများတွင် VinFast၊ Audi ၊ Jaguar၊ Land Rover၊ Nissan၊ Subaru နှင့်  Volkswagen တို့ကဲ့သို့ အသင်းဝင်မဟုတ်သော အမှတ်တံဆိပ်များမှ ရောင်းချမှုများ ပါဝင်ခြင်းမရှိကြောင်းသိရှိရပါသည်။

အရောင်းကျဆင်းမှုသည် အလုပ်အကိုင်ဆုံးရှုံးမှုနှင့် ရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းစသည့် အကျိုးဆက်များ ဖြစ်လာနိုင်ဖွယ်ရှိသော်လည်း အစိုးရ၏ လျှပ်စစ်မော်တော်ကားများသုံးစွဲမှုကိုမြှင့်တင်ရန်ကြိုးပမ်းအားထုတ်မှုအတွက် တိုးတက်မှုဖြစ်စေကြောင်း သုံးသပ်ရပါသည်။

 

 

Source: The Sigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam